ရိုက်တာသတင်းထောက် ၂ ဦးဟာ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို ချိုးဖောက်မှုနဲ့ အပြစ်ရှိတယ်လို့ တရားရုံးကဆုံးဖြတ် ထောင်ချခံရတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်ပါတယ်။
Photo - Myanmar State Counsellor Office
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထောင်ဒဏ် ၇ နှစ်စီချမှတ်ခံရတဲ့ ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကိစ္စနဲ့ပတ်သက်ပြီး ဗီယက်နမ်နိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်က ဆွေးနွေးချက်တစ်ခုအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။
"သူတို့ကို သတင်းထောက်တွေမို့ ထောင်ချလိုက်တာမဟုတ်ပါဘူး။ တရားရုံးကသူတို့မှာ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေအရ အပြစ်ရှိတယ်လို့ဆုံးဖြတ်တဲ့ အတွက် ထောင်ကျတာပါ။ ဒီအမှုကို တရားရုံးမှာ ပွင့်လင်းမြင်သာစွာ တရားစီရင်ခဲ့တာဖြစ်တယ်၊ တကယ်လို့ သူတို့က ဒီစီရင်ချက်ကို မှားတယ်ထင်ရင် သူတို့ရဲ့ ပြစ်ဒဏ်ကို အယူခံဝင်နိုင်ပါတယ်။"လို့ ပြောဆိုလိုက်ပါတယ်။
ရိုက်တာသတင်းထောက်နှစ်ဦးဟာ သူတို့ရဲ့ ပြစ်ဒဏ်ကို အယူခံဝင်နိုင်တဲ့ အကြောင်းနဲ့ ခုလို ထောင်ချခံရတာဟာ လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ ဘာမှမဆိုင်ဘူးလို့ လည်းပြောလိုက်ပါတယ်။ ဒီအမှုကို တရားရုံးမှာ ပွင့်လင်းမြင်သာစွာ တရားစီရင်ခဲ့တာဖြစ်တယ်၊ တရားသူကြီးရဲ့ တရားစီရင်ချက်အကျဉ်းချုပ်ကို ဘယ်သူမှ ဂရုတစိုက်မဖတ်ကြဘူးလို့ ထင်ပါတယ်လို့လည်း ပြောသွားပါတယ်။
သတင်းသမားတွေကိုခုလို ထောင်ချတဲ့အပေါ် ပြည်တွင်းပြည်ပက သတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့နိုင်ငံတကာက ဝေဖန်ရှုံ့ချခဲ့ကြပါတယ်။