ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ်ချမှတ်ခံရတဲ့အပေါ်ကို ဥပဒေအရ မှတ်ချက်ပြုရန်မရှိဟု လူ့အခွင့်အရေးကော်မရှင်ကနေ စက်တင်ဘာ ၄ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနက သတင်းထောက် ကိုသက်ဦးမောင် (ခ) ဝလုံးနဲ့ ကိုကျော်စိုးဦး (ခ) မိုုးအောင်တို့ နှစ်ဦးကို စတင်ဖမ်းဆီးခဲ့ ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်နေ့ကစတင်ပြီးတော့ မိသားစုနဲ့ တွေ့ခွင့်မရတာတွေ၊ဘယ်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာကို မသိရတာတွေ၊ စွပ်စွဲချက်တွေ ခုခံဖြေရှင်းဖို့ ရှေ့နေနဲပ တွေ့ခွင့်မရတာတွေ စတဲ့တိုင်တန်းချက်တွေကြောင့် သူတို့နှစ်ဦးဖမ်းဆီးခံရစဉ်မှာ ညှင်းပန်းနှိပ်စက်မှု မခံရစေဖို့၊ ကျန်းမာရေးစောင့်ရှာက်မှုရစေဖို့၊ ရှေ့နေနဲ့ တွေ့ခွင့်မရတဲ့အချက်တွေကြောင့် အခြေခံလူ့အခွင့်အရေးတွေရဖို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းထုတ်ပြန်ခဲ့ပါတယ်။
မြောက်ပိုင်းခရိုင်တရားရုံးကနေ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့တဲ့အပေါ်ကို ကော်မရှင်အနေနဲ့ လူ့အခွင့်အရေးကော်မရှင်ဥပဒေအရ တစ်စုံတစ်ရာမှတ်ချက်ပြုရန် မရှိကြောင်း နဲ့ ပြည်တွင်းပြည်ပကနေ ဝေဖန်မှုတွေဖြစ်ပေါ်နေတာကြောင့် နိုင်ငံတော်အတွက် ရှုထောင့်ပေါင်းစုံကနေ အလေးထားစဉ်းစားပေးဖို့ နဲ့ အယူခံတက်ခွင့်၊ ရှေ့နေတွေ့ဆုံခွင့်အပါအဝင် လူ့အခွင့်အရေးများရရှိခံစားနိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့ တိုက်တွန်းချက်ထုတ်ပြန်လိုက်ပါတယ်။
ရိုက်တာသတင်းထောက်နှစ်ဦးကို မှတ်စုစာအုပ်ထဲမှာ အဖွဲ့အစည်းတစ်ခုရဲ့တာဝန်ရှိသူဖုန်းနံပါတ်တွေ့တာ၊ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်တွေ့တာနဲ့ ဒုတိယသမ္မတရဲ့ ခရီးစဉ်တွေကို တွေ့တာကြောင့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ (၃)(၁) (ဂ) နဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။