ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နောက် (၂)မှတ်အကွာ အဆင့် (၅)နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားရမှာ ဖြစ်ပါတယ်။
မကြာခင်ပြန်လည်ကစားရတော့မယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒဏ်ရာရကစားသမား (၈)ဦးဟာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။ ထိပ်ဆုံးလေးသင်းနေရာကို ဝင်ခွင့်ရရှိဖို့အတွက် တိုက်ပွဲဝင်နေရချိန်မှာ အသင်းရဲ့ ကစားသမားအားလုံးနီးပါး ဒဏ်ရာပြသနာတွေကနေ ကင်းစင်တော့မှာက ဆိုးလ်ရှားအတွက် အားတက်စရာဖြစ်လာခဲ့ပါတယ်။
မားကပ်ရက်ရှ်ဖို့ဒ်၊ လူကာကူ၊ လုခ်ရှော နဲ့ အန်သိုနီမာရှယ်တို့ကို နိုင်ငံတကာပွဲစဉ်တွေအတွက် စေလွှတ်ပေးခဲ့ရပေမယ့်လည်း အဆိုပါ ကစားသမား (၄)ဦးလုံးဟာ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေခဲ့ရလို့ ကလပ်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီး လူကာကူတစ်ဦးတည်းသာ ခြေထောက်ဒဏ်ရာကြောင့် ရုန်းကန်ရဖွယ်ရှိပြီး ကျန်ကစားသမားတွေကတော့ ဝက်ဖို့ဒ်နဲ့ပွဲမှာ ပါဝင်ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။
Mirror ရဲ့ ဖော်ပြချက်အရ အလက်ဆစ်ဆန်းချက်ဇ်ကတော့ ဒူးဒဏ်ရာကြောင့် ထပ်မံအနားယူရဦးမှာဖြစ်ပြီး ကြီးကြီးမားမား ဒဏ်ရာပြသနာအဖြစ် ဆန်းချက်ဇ်တစ်ဦးတည်းသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ အခြားကစားသမားတွေဖြစ်တဲ့ ဗလန်စီယာ၊ ဒါမီယန် နဲ့ အဲရစ်ဘိုင်ယီတို့ကလည်း ဒဏ်ရာပြသနာတွေကနေ ရုန်းထွက်လာနိုင်ခဲ့လို့ ယူနိုက်တက်မှာ ကစားသမားအင်အားတောင့်တင်းသွားခဲ့ပါပြီ။
ဇန်နဝါရီလကစပြီး ယူနိုက်တက်အတွက် ပါဝင်ကစားပေးထားခြင်းမရှိခဲ့တဲ့ ဗလန်စီယာကတော့ လက်ရွေးစင်အသင်းဖြစ်တဲ့ အီကွေဒေါအတွက် အမေရိကန်နဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားသွားခဲ့ပါတယ်။ ရာသီကုန်မှာ အသင်းကနေ ဗလန်စီယာက ထွက်ခွာရတော့မှာ ဖြစ်ပေမယ့် အသင်းရဲ့ ကစားသမားတစ်ဦးအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။
ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နောက် (၂)မှတ်အကွာ အဆင့် (၅)နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားရမှာ ဖြစ်ပါတယ်။ နောက်ဆုံးကစားထားခဲ့တဲ့ ပွဲစဉ် (၂)ပွဲဆက်တိုက် အရေးနိမ့်ထားခဲ့လို့ ယူနိုက်တက်ဟာ ဝက်ဖို့ဒ်နဲ့ပွဲမှာ နိုင်ပွဲပြန်လည်ရယူဖို့လည်း ကစားရမှာဖြစ်ပါတယ်။