မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ဟာ လွန်ခဲ့တဲ့ ၄ လခန့်က အသင်းပရိသတ်တွေရဲ့ ဆန့်ကျင်ခြင်းကို ခံခဲ့ရသူဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဆိုးလ်ရှားကြောင့် အခြေအနေ တဆစ်ချိုးပြောင်းလဲသွားမှုကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ဒုဥက္ကဌဟာ ချားလ်စ်ဒီဂေါလေဆိပ်က မမျှော်လင့်တဲ့အဖြစ်အပျက်ကြောင့် အသင်းရဲ့စီးပွားရေးလုပ်ငန်းတွေပါဝင်တဲ့ အစည်းအဝေးကိုတက်ရောက်ဖို့ ဘော်စတွန်ကို ပျံသန်းထွက်ခွာချိန်မှာ အိပ်ချိန်အနည်းငယ်သာရခဲ့ပေမယ့် ပျော်ရွှင်နေခဲ့တယ်လို့ ဆိုပါတယ်။
ယင်းအချိန်မတိုင်မီညက အက်ဒ်ဝုဒ်ဝဒ် ခန့်အပ်ထားတဲ့ ယာယီနည်းပြဆိုးလ်ရှားဟာ ပြင်သစ်လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းရဲ့အိမ်ကွင်းမှာ အသင်းရဲ့သမိုင်းတလျှောက်နဲ့ ချန်ပီယံလိဂ်သမိုင်းတလျှောက် အကောင်းဆုံးရလဒ်ကို ရယူပေးနိုင်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းကို ပထမအကျော့အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့အဝေးကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဝေးဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာကြောင့် အက်ဒ်ဝုဒ်ဝဒ်ဟာ ပရိသတ်တွေနည်းတူ အလွန်အမင်းပျော်ရွှင်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့သမိုင်းဝင်နိုင်ပွဲကြောင့် ပြင်သစ်မြေအထိ လိုက်ပါအားပေးခဲ့တဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်လည်း ပျော်ရွှင်ခဲ့ရပြီး ဒုဥက္ကဌအက်ဒ်ဝုဒ်ဟာလည်း ဘော်စတွန်မြို့ကို ထွက်ခွာဖို့ ချားလ်စ်ဒီဂေါလေဆိပ်ကို သွားရောက်ခဲ့ရာမှာ မန်ယူပရိသတ်တွေရဲ့ ဆယ်ဖီအတူဆွဲဖို့ တောင်းပန်ခြင်းကိုတောင် ခံခဲ့ရတယ်လို့ The Sun သတင်းဌာနက ဖော်ပြခဲ့ပါတယ်။