မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားရဲ့ လာမယ့်နွေရာသီ ပစ်မှတ်စာရင်းမှာ ဘုန်းမောက်ကြယ်ပွင့်တိုက်စစ်မှူး ကယ်လန်ဝီလ်ဆင်ပါဝင်နေတယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။
ကယ်လန်ဝီလ်ဆင်ဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၃ ဂိုးသွင်းယူထားနိုင်ခဲ့သူဖြစ်ပြီး ယူနိုက်တက်တိုက်စစ်မှာ ယှဉ်ပြိုင်မှုတွေ ပိုမိုပြင်းထန်လာဖို့အတွက် ခေါ်ယူချင်နေတဲ့ ဆိုးလ်ရှားရဲ့အဓိကပစ်မှတ်တွေထဲကတစ်ခုဖြစ်တယ်လို့ ESPN ရဲ့သတင်းအရ သိရပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကယ်လန်ဝီလ်ဆင်ဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံမှာ ၁၅ ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်ပြီး ချယ်ဆီးအသင်းကို ယခုနွေရာသီမှာ ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။
ကယ်လန်ဝီလ်ဆင်ဟာ ယခုရာသီမှာလည်း ပုံစံကောင်းကို ဆက်လက်ပြသနေသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ယခုရာသီကုန်မှာ ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ ဒေါ့မွန်ကြယ်ပွင့် ဆန်ချို၊ လက်စတာစီးတီးကြယ်ပွင့် ဂျိမ်းစ်မက်ဒီဆင်၊ နယူးကာဆယ်ကြယ်ပွင့် ရှောင်လောင်းစတက်နဲ့ စတုုတ်စီးတီးကြယ်ပွင့် နသန်ကောလင်းတို့ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုင်ယာလန်လူငယ်ကစားသမား နသန်ကောလင်းဟာ ဆိုးလ်ရှားရဲ့ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေမှုက အံ့အားသင့်စရာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် နသန်ကောလင်းဟာ စတုတ်စီးတီးအသင်းမှာ ၎င်းရဲ့ဂုဏ်သတင်းကျော်ကြားမှုကို တည်ဆောက်နေသူဖြစ်ပြီး အသင်းခေါင်းဆောင်လက်ပတ်ကိုတောင် ဝတ်ဆင်ကစားနိုင်ခဲ့ပြီးဖြစ်ပါတယ်။