လူပေါင်းထောင်နဲ့ချီ လာရောက်ဖူးမြော် ကြည့်ရှုနေကြပါတယ်။

ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ ရေလှာင်တမံတစ်ခုမှာ မိုးခေါင်ပူပြင်းခြောက်သွေ့မှုကြောင့် ရေများလျော့ကျခမ်းခြောက်ရာမှ ဗုဒ္ဓရုပ်ပွားတော်နဲ့ ဘုရားကျောင်း အပျက်အစီးတွေ ပေါ်ထွက်လာခဲ့ပြီး လူပေါင်းထောင်နဲ့ချီ လာရောက်ဖူးမြော် ကြည့်ရှုနေကြတယ်လို့ ဆိုပါတယ်။

(Photo: Soe Zeya Tun/Reuters)

အဆိုပါ ရေလှောင်တမံအတွင်း ရေပမာဏဟာ သိုလှောင်နိုင်မှုရဲ့ ၃ ရာခိုင်နှုန်းအောက်အထိ လျော့နည်းခမ်းခြောက်သွားခဲ့ပြီးနောက် လွန်ခဲ့တဲ့ နှစ် ၂၀ မှာ ရေလှောင်တမံ ဆောက်လုပ်ခဲ့စဉ်အတွင်း နစ်မြုပ်ခဲ့တဲ့ Wat Nong Bua Yai ဘုရားကျောင်းကို ပြန်လည်တွေ့မြင်လာနိုင်ခဲ့ပါတယ်။ ရေခမ်းခြောက်နေတဲ့ ရေလှောင်တမံရဲ့အလယ်မှာ ဘုရားကျောင်းနဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ပြန်လည်တွေ့မြင်ခဲ့ကြရပါတယ်။



ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ လူအများအပြားက ရေလှောင်တမံထဲကို ဆင်းသွားခဲ့ကြပြီး ဗုဒ္ဓရုပ်ပွားတော်ကို ဖူးမြော်ခဲ့ကြပါတယ်။ ရေလှောင်တမံထဲမှာ ပြန်လည်ပေါ်ထွက်လာတဲ့ ဗုဒ္ဓရုပ်ပွားတော်ဟာ ဦးခေါင်းတော်မပါရှိတော့ဘဲ ဉာဏ်တော်အမြင့် ၁၃ ပေရှိတယ်လို့ ဆိုပါတယ်။

(Photo: Soe Zeya Tun/Reuters)

"ဘုရားကျောင်းက ပုံမှန်ဆိုရင်တော့ ရေတွေဖုံးလွှမ်းနေတာပေါ့၊ မိုးရာသီဆိုရင် ဘာမှမမြင်ရဘူး" လို့ ရေလှောင်တမံကို လာရောက်ခဲ့သူတစ်ဦးဖြစ်တဲ့ အသက် ၆၇ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာ Somchai Ornchawiang က ပြောပါတယ်။ ဘုရားကျောင်း ရေလွှမ်းမိုးခံခဲ့ရတာကို ဝမ်းနည်းခဲ့ကြောင်း သို့သော် အခုအချိန်မှာတော့ မိုးခေါင်ပြီး ပူပြင်းခြောက်သွေ့မှုကြောင့် စိုက်ပျိုးမြေတွေ ထိခိုက်ပျက်စီးမှာကို စိုးရိမ်မိတယ်လို့ Somchai Ornchawiang က ဆိုပါတယ်။

ယခု ရေများခမ်းခြောက်နေတဲ့ ရေလှောင်တမံဟာ ရေထုထည်ပမာဏ ကုဗမီတာ သန်း ၉၆၀ သိုလှောင်နိုင်ပြီး စိုက်ပျိုးမြေဧက ၁.၃ သန်းကို ရေပေးဝေနိုင်ကြောင်းလည်း သိရပါတယ်။ သို့သော် မိုးခေါင်ပူပြင်းမှုကြောင့် ရေလျော့နည်းခမ်းခြောက်ပြီး ဧက ၃,၀၀၀ ကိုသာ ရေပေးဝေနိုင်တော့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

(Photo: Soe Zeya Tun/Reuters)

ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး မိုးခေါင်ခြောက်သွေ့မှု တွေ့ကြုံနေရပြီး တစ်နိုင်ငံလုံးရှိ ရေလှောင်တမံတွေမှာ လအလိုက် ပျမ်းမျှရေပမာဏအောက် လျော့နည်ကျဆင်းနေကြောင်း မိုးလေဝသဌာနက ပြောပါတယ်။ ရေခမ်းခြောက်နေတဲ့ ရေလှောင်တမံထဲကို လာရောက်ကြည့်ရှုခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် Yotin Lopnikorn က ကလေးအရွယ်မှာ ဘုရားကျောင်းကို သူငယ်ချင်းတွေနဲ့အတူ လာရောက်ခဲ့ဖူးကြောင်း သတိတရ ပြောခဲ့ပါတယ်။

Yotin Lopnikorn ဟာ ဆည်တည်ဆောက်ရေးစီမံကိန်းအတွက် ရွှေ့ပြောင်းပေးခဲ့ရတဲ့ Nong Bua ကျေးရွာမှ ရွာသွားတစ်ဦးလည်း ဖြစ်ပါတယ်။ Nong Bua ကျေးရွာဟာ ယခု ဆည်ထဲမှာ ပြန်ပေါ်ထွက်လာတဲ့ Wat Nong Bua Yai ဘုရားကျောင်းအနီး တည်ရှိခဲ့ပါတယ်။

(Photo: Soe Zeya Tun/Reuters)

"ကျွန်တော် ငယ်ငယ်တုန်းက ဒီဘုရားကျောင်းမုခ်ဦးနေရာက ဆင်ရုပ်တွေရှေ့မှာ သူငယ်ချင်းတွေနဲ့ဆုံပြီး ကစားနေကြပေါ့" လို့ Yotin က ပြောါတယ်။ ဆည်မတည်ဆောက်မီ ထိုအချိန်က Wat Nong Bua Yai ဘုရားကျောင်းဟာ လူနေဒေသအလယ်မှာရှိပြီး ရိုးရာဓလေ့ပွဲတော်တွေ၊ ပညာရေးဆိုင်ရာလှုပ်ရှားမှုတွေ ကျင်းပလေ့ရှိပြီး ဘုရားကျောင်းဘေး မြေကွက်လပ်ကတော့ ကလေးတွေ ဆော့ကစားရာနဲ့ အပန်းဖြေနေရာ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

၂၀၁၅ ခုနှစ်မှာ မိုးခေါင်ခြောက်သွေ့မှု ဖြစ်ပေါ်ခဲ့စဉ်က ဘုရားကျောင်း အပျက်အစီးတွေ တစ်ကြိမ် ပြန်ပေါ်လာခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ "ဒီဘုရားကျောင်းကို အခုလို အခြေအနေနဲ့ ပြန်တွေ့ရတာက ဒုတိယအကြိမ်ပါ၊ ဒီနေရာကို ကျွန်တော်တို့ ကယ်တင်ဖို့လိုတယ်လို့ အခု ကျွန်တော် တွေးမိပါတယ်" လို့ Yotin က ပြောခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က