မလေးရှားနိုင်ငံကနေ လေကြောင်းခရီးဖြင့် ထွက်ခွာမယ့်ခရီးသည်တွေကို စည်းကြပ်ကောက်ခံတဲ့ ထွက်ခွာမှုအခွန် တိမ်းရှောင်သူ သို့မဟုတ် အခွန်တိမ်းရှောင်နိုင်ရန် အခြားသူတွေကို ကူညီပေးသူ မည်သူမကိုမဆို မကြာမီကာလမှစပြီး ရင်းဂစ်တစ်သန်း (မြန်မာကျပ်ငွေ သိန်းသုံးထောင့်ခြောက်ရာကျော်) ဒဏ်ရိုက်ခံရနိုင်ကြောင်း သိရပါတယ်။
(Photo: NSTP/Eizairi Shamsudin)
ယခု ပြစ်ဒဏ်ဟာ မလေးရှားလွှတ်တော်သို့ ဧပြီ ၈ ရက်နေ့က ပထမဆုံးအကြိမ် တင်သွင်းဆွေးနွေးခဲ့ကြတဲ့ ထွက်ခွာမှုအခွန်ဥပဒေကြမ်းမှာ ပါဝင်နေတဲ့ ပြစ်ဒဏ်တွေအနက် တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။ အဆိုပါ အခွန်အခ စည်းကြပ်ကောက်ခံမယ့် အစီအစဉ်ကို ယမန်နှစ် နိုဝင်ဘာလအတွင်း တင်ပြခဲ့တဲ့ ဘတ်ဂျက်ရေးဆွဲမှုမှာ ထည့်သွင်းထားခဲ့ပါတယ်။
ထွက်ခွာမှုအခွန် ကောက်ခံမယ့်အစီအစဉ်အရ မလေးရှားမှ အာဆီယံနိုင်ငံများသို့ ထွက်ခွာပါက အခွန်ငွေ ရင်းဂစ် ၂၀ ပေးဆောင်ရမှာဖြစ်ပြီး အခြား နိုင်ငံများသို့ထွက်ခွပါက ရင်းဂစ် ၄၀ ပေးဆောင်ရမယ်လို့ ဘဏ္ဍာရေးဝန်ကြီး Lim Guan Eng က ပြောပါတယ်။ ခရီးသွားတွေကတော့ ယခု အခွန်ကောက်ခံမယ့် အစီအစဉ်ကို ဝေဖန်ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။
(မလေးရှား ဘဏ္ဍာရေးဝန်ကြီး ဘဏ္ဍာရေးဝန်ကြီး Lim Guan Eng) (Photo: Ahmad Zamzahuri)
လွှတ်တော်သို့ တင်သွင်းထားတဲ့ ထွက်ခွာမှုအခွန်ဥပဒေကြမ်းကို အတည်ပြုခဲ့ပါက ယခုနှစ် ဇွန်လ ၁ ရက်မှစပြီး မလေးရှားနိုင်ငံမှ ထွက်ခွာသူတွေကို အခွန်စတင်ကောက်ခံသွားမယ်လို့ သိရပါတယ်။ ဘဏ္ဍာရေးဝန်ကြီးက ထွက်ခွာခွန်ပမာဏကို ထုတ်ဖော်ပြောခဲ့ပေမဲ့ လွှတ်တော်သို့ တင်သွင်းခဲ့တဲ့ ဥပဒေကြမ်းမှာတော့ ထွက်ခွာခွန်ပမာဏကို ဖော်ပြထားခြင်း မရှိဘူးလို့ဆိုပါတယ်။
အဆိုပါ ထွက်ခွာမှုအခွန်ဥပဒေကြမ်းကို ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Amiruddin Hamzah က ဧပြီ ၈ ရက်မှာ လွှတ်တော်သို့ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဥပဒေကြမ်းအရ ထွက်ခွာခွန်တိမ်းရှောင်ရန် ကြိုးပမ်းသူ သို့မဟုတ် အခြားသူတွေကို ထွက်ခွာခွန်တိမ်းရှောင်နိုင်ရန် ကူညီပေးသူ မည်သူမဆို ဒဏ်ရိုက်ခံရနိုင်ကြောင်း သိရပါတယ်။
(Photo: Matta.org)
ပြစ်မှုထင်ရှားပါက ရင်းဂစ်တစ်သန်းအထိ ငွေဒဏ်ဖြစ်စေ၊ ငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ကျခံရနိုင်တယ်လို့ဆိုပါတယ်။ ထို့အတူ ထွက်ခွာခွန်နဲ့ပတ်သက်ပြီး တစ်စုံတစ်ဦးအတွက် မမှန်မကန် သတင်းအချက်အလက်ပေးသူ မည်သူမဆို ရင်းဂစ် ၅၀၀,၀၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ကျခံရနိုင်ပါတယ်။
ဒါ့အပြင် ထွက်ခွာခွန် စည်းကြပ်ကောက်ခံရာမှာ အကောက်ခွန်အရာရှိတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ တာဝန်ဝတ္တရားနှောင့်ယှက်ပါကလည်း ခြောက်လနဲ့ သုံးနှစ်ကြား ထောင်ဒဏ်ဖြစ်စေ၊ ရင်းဂင် ၅၀၀,၀၀၀ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ကြောင်း သိရပါတယ်။ မလေးရှားကနေ ထွက်ခွာကြတဲ့ ခရီးသည်များထံမှ ထွက်ခွာမှုအခွန် စည်းကြပ်ကောက်ခံမယ့် ဥပဒေကြမ်းကို လွှတ်တော်မှာ ဒုတိယအကြိမ် ဖတ်ကြားဆွေးနွေးရန် စီစဉ်ထားတယ်လို့ Bernama သတင်းမှာ ဖော်ပြပါတယ်။