နိုင်ငံဝန်ထမ်းတွေကို ရွှေခိုးထုတ်တယ်ဆိုပြီး ဦးထွန်းအောင်စိုးက တိုင်ကြားခဲ့တာပါ။
နိုငိငံ့ဝန်ထမ်းတွေကို အဂတိလိုက်စားနေသည်ဟုဆိုကာ မမှန်မကန်တိုင်ကြားခဲ့တဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဒါရိုက်တာ ဦးထွန်းအောင်စိုး အပါအဝင် ဦးမျိုးအောင်နဲ့ ဦးဆန်နီတို့ကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဧပြီလ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Photo - ACC

ီးထွန်းအောင်စိုးမှာ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ အကြီးစားရွှေလုပ်ကွက်တွေမှာ တရားမဝင် ရွှေသတ္ထုတူးဖော်သူများနဲ့ အဂတိလိုက်စားဖို့ ရွှေခိုးထုတ်ရာမှာ ပူးပေါင်းပါဝင်တဲ့ တာဝန်ကျ ဝန်ထမ်းတွေကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ကော်မရှင်ကို တိုင်ကြားခဲ့တယ်လို့ ကော်မရှင် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုင်ကြားစာရ ဦးထွန်းအောင်စိုး ဖော်ညွှန်းသော သက်သေတွေနဲ့ ဆက်စပ်သက်သေတွေရဲ့ ထွက်ဆိုချက်အရ မိုးထိမိုးမိဒေသ ရွှေတူးဖော်ထုတ်လုပ်ရေးလုပ်ကွက်ကြီး (A)ရှိ ပိတ်ထားတဲ့ Adit အတွင်းမှာ ဖမ်းဆီးရမိခဲ့ပြီး ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ၆(၁)နဲ့ အမှုဖွင့် တိုင်ကြားခြင်း ခံခဲ့ရတဲ့ ဦးအေးကိုပါ (၁၀)ဦးတို့ကို ဦးထွန်းအောင်စိုး ညွှန်ကြားတဲ့ အတိုင်း သတ္တုတွင်းဝန်ထမ်းနှင့် လုံခြုံရေးရဲတွေ ငွေပေးပြီး သတ္ထုခိုးတူးခြင်း ဖြစ်တယ်လို့ ပြော ဆိုပေးရန် ဦးမျိုးအောင်နဲ့ ဦးဆန်နီတို့က ရမည်းသင်းအကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံသင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမှု သက်သာအောင် ဆောင်ရွက်ပေးမယ်လို့ သွေးဆောင်ပြောကြားခြင်း၊ ရွှေဟင်္သာဟိုတယ်မှာ သတင်းသမားတွေနဲ့ တွေ့ဆုံရာ ဦးသိန်းမြင့်ပါ (၄)ဦးအား မမှန်မကန် အချက်တွေကို ထုတ်ဖော်ပြောကြားဖို့ ဆောင်ရွက်ပေးခဲ့ပြီး မမှန်မကန်တဲ့ အချက်အလက်တွေကို ရေးသား တိုင်ကြားစေဖို့ စီစဉ် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးထွန်းအောင်စိုးဟာ ၎င်းတို့ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီအဖွဲ့(၈)ဖွဲ့ အမည်ကို အလွဲသုံးစားပြုပြီး နိုင်ငံ့ဝန်ထမ်းများက ငွေကြေးများရယူပြီး တရားမဝင် ရွှေခိုးတူးခွင့်ပြုကြောင်း၊ ရွှေခိုးတူးသူများအား လာဘ်ငွေရယူ၍ ပြန်လွှတ်ခဲ့တယ်လို့ မမှန်မကန် စွပ်စွဲတိုင်ကြားစာများ ပေးပို့ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်

ဒါကြောင့် နိုင်ငံ့ဝန်ထမ်းတွေကို နစ်နာစေရန်ရည်ရွယ်ပြီး အဂတိလိုက်စားမှုကျူးလွန်သည်ဟု မမှန်မကန် တိုင်ကြားသူ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ ၊ မမှန်မကန် တိုင်ကြားရာတွင် အားပေးကူညီခဲ့သည့် ဦးမျိုးအောင်နှင့် ဦးဆန်နီတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉/၆၃ အရ အရေးယူခဲ့တာဖြစ်ပါတယ်

အခုဖြစ်စဉ်မှာ နိုင်ငံ့ဝန်ထမ်းတွေကို တမင်နစ်နာစေရန် ရည်ရွယ်ချက်ရှိရှိနဲ့ အချိန်ယူစီစဉ်ခဲ့ပြီး မမှန်မကန်တိုင်ကြားကြောင်း လုံလောက်တဲ့ အထောက်အထားတွေရှိကြောင်း စိစစ်တွေ့ရှိရတာကြောင့် ဦးထွန်းအောင်စိုးပါ (၃)ဦးအပေါ် အရေးယူခဲ့တာလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြောထားပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ပေးပို့လာတဲ့ တိုင်ကြားစာများအနက် သဘောရိုးဖြင့် မှားယွင်းတိုင်ကြားတဲ့ တိုင်ကြားစာ အချို့ကို စိစစ်တွေ့ရှိရတာကြောင့် တိုင်ကြားသူများအပေါ် အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပေမယ့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား နစ်နာစေရန် ဒါမှမဟုတ် ဂုဏ်သရေပျက်စေရန် ရည်ရွယ်ချက်နဲ့ အဂတိလိုက်စားမှု ကျူးလွန်တယ်လို့ မမှန်မကန်တိုင်ကြားကြောင်း စစ်ဆေးပေါ်ပေါက်ပါက မမှန်မကန်တိုင်ကြားသူအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ အရေးယူရတာဖြစ်တယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က