ကမ္ဘာ့နိုင်ငံများအနက် ဆွစ်ဇာလန်က နိုင်ငံစွန့်ခွာ အလုပ်လုပ်ကိုင်သူတွေအတွက် အကောင်းဆုံးနေရာဖြစ်ကြောင်း HSBC Global ရဲ့ အစီရင်ခံစာသစ်မှာ သတ်မှတ်ဖော်ပြခဲ့ပါတယ်။
(ဆွစ်ဇာလန်နိုင်ငံ Bern မြို့မြင်ကွင်းတစ်ခု) (Photo: WorldAtlas)
မိမိတို့နိုင်ငံကိုစွန့်ခွာပြီး အလုပ်လုပ်ကိုင်သူတွေအတွက် အလုပ်လုပ်ရန်နဲ့နေထိုင်ရန် အကောင်းဆုံး နေရာစာရင်းမှာ ပြီးခဲ့တဲ့ လေးနှစ်ဆက်တိုက် စင်ကာပူနိုင်ငံက ထိပ်ဆုံးကနေ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ် ထုတ်ပြန်လိုက်တဲ့ HSBC အစီရင်ခံစာမှာတော့ ဆွစ်ဇာလန်က အဆင့် ၇ ဆင့်တက်လာပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့ပါတယ်။
စင်ကာပူကတော့ နိုင်ငံစွန့်ခွာ အလုပ်လုပ်ကိုင်သူတွေအတွက် အကောင်းဆုံးနေရာစာရင်းမှာ အဆင့် ၂ နေရာကို ရောက်ရှိသွားခဲ့တာ တွေ့ရပါတယ်။ HSBC အစီရင်ခံစာအတွက် ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ဆွစ်ဇာလန်နိုင်ငံမှာ ကောင်းမွန်တဲ့ လုပ်ခလစာနဲ့ အသက်မွေးဝမ်းကျောင်းအတွက် တိုးတက်မှုတွေရှိကာ လူနေမှုဘဝအဆင့်အတန်း တိုးမြင့်မှုကို ခံစားကြရတယ်လို့ ဆိုပါတယ်။
(စင်ကာပူမြင်ကွင်းတစ်ခု) (Photo: Getty Images)
အခြား ကဏ္ဍများအဖြစ် လေထုညစ်ညမ်းမှုနည်းပါးခြင်း၊ ရာဇဝတ်မှုနည်းပါးခြင်း၊ လမ်းမများ ဘေးကင်းလုံခြုံမှုရှိခြင်း၊ စီးပွားရေးနဲ့ နိုင်ငံရေး တည်ငြိမ်ခြင်းတို့ကလည်း ဆွစ်ဇာလန်ကို အလုပ်လုပ်ရန်နဲ့ နေထိုင်ရန် အကောင်းဆုံးနေရာ ဖြစ်လာစေခဲ့တယ်လို့ သိရပါတယ်။ HSBC က ယခုအစီရင်ခံစာကို 2019 Expat Explorer အမည်ဖြင့် လေ့လာမှုစစ်တမ်းတစ်ရပ် ပြုလုပ်ကာ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
(အလုပ်လုပ်ရန်နဲ့နေထိုင်ရန် အကောင်းဆုံး ထိပ်တန်းစာရင်းဝင် ၃၃ နိုင်ငံ) (Table: HSBC)
2019 Expat Explorer စစ်တမ်းကို ကမ္ဘာတစ်ဝှမ်း မိမိတို့နိုင်ငံမှစွန့်ခွာပြီး အခြား နိုင်ငံများသို့ လာရောက်အလုပ်လုပ်ကိုင် နေထိုင်ကြသူ ၁၈,၀၅၉ ဦးကို မေးမြန်းကောက်ခံခဲ့တယ်လို့ ဆိုပါတယ်။ စစ်တမ်းကိုတော့ အွန်လိုင်းမှတစ်ဆင့် သုတေသနကုမ္ပဏီ YouGov က ယခုနှစ် မတ်လနဲ့ ဧပြီလအတွင်း ပြုလုပ်ခဲ့ကြောင်း CNA သတင်းက ဖော်ပြပါတယ်။
အလုပ်လုပ်ရန်နဲ့ နေထိုင်ရန် အကောင်းဆုံးစာရင်းမှ ထိပ်ဆုံး ၁၀ နိုင်ငံ
၁။ ဆွစ်ဇာလန်
၂။ စင်ကာပူ
၃။ ကနေဒါ
၄။ စပိန်
၅။ နယူးဇီလန်
၆။ သြစတြေးလျ
၇။ တူရကီ
၈။ ဂျာမနီ
၉။ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)
၁၀။ ဗီယက်နမ်