လူနာဆောင်တစ်ခုအတွင်း မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပါတယ်။

ထိုင်ဝမ်မှာ ဆေးရုံတစ်ရုံ မီးလောင်မှုအတွင်း လူကိုးဦးထက်မနည်း သေဆုံးခဲ့ကြောင်း အစိုးရသတင်းဌာနက ပြောပါတယ်။ ယနေ့ (သြဂုတ် ၁၃ ရက်) ဒေသစံတော်ချိန် မနက်အစောပိုင်းက တိုင်ပေမြို့တော်သစ် ဆေးရုံရဲ့ ခုနစ်ထပ်မှာရှိတဲ့ လူနာဆောင်တစ်ခုအတွင်း မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မီးလောင်မှုဖြစ်ခဲ့သည့် ဆေးရုံ လူနာဆောင်ကို တွေ့ရစဉ် (Photo: People's Daily)





မီးလောင်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ လူနာများနဲ့ ဆေးရုံဝန်ထမ်းများ အပါအဝင် ၁၆ ဦးခန့်ဟာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။ မီးလောင်မှုကို မီးသတ်သမား ၂၀၀ ကျော်နဲ့ မီးသတ်ယာဉ် ၇၆ စီးဖြင့် တစ်နာရီကျော် ငြှိမ်းသတ်ခဲ့ရပါတယ်။

ဆေးရုံမီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပေမဲ့ ဒေသခံ မီဒီယာတွေကတော့ ဓာတ်အားအသုံးပြုရတဲ့ လူနာကုတင်တစ်ခုမှာ လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

ဆေးရုံမှ လူနာများကို ရွှေ့ပြောင်းနေစဉ် (Photo: People's Daily)



တိုင်ပေမြို့တော်သစ် (New Taipei City) မြောက်ပိုင်းရှိ Weifu ဆေးရုံမှာ ယနေ့ ဒေသစံတော်ချိန် မနက် ၄ နာရီ ၃၆ မိနစ်အချိန်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး လူနာ ၃၃ ဦးနဲ့ ဆေးရုံဝန်ထမ်းသုံးဦးကို ရွှေ့ပြောင်းခဲ့ရပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့ လူနာဆောင်မှာ မီးခိုးစုပ်ထုတ်တဲ့ ပစ္စည်းကိရိယာ တပ်ဆင်ထားခြင်းမရှိတာကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

လူနာများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ထားစဉ် (Photo: CGTN)



ထိုင်ဝမ်မှာ မီးဘေးကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တင်းကျပ်စွာ ချမှတ်ဆောင်ရွက်မှု အားနည်းတာကြောင့် မီးလောင်မှုများ ဖြစ်လေ့ရှိကြောင်း တိုင်ပေမြို့ရှိ BBC သတင်းထောက် Cindy Sui က ပြောပါတယ်။ ၂၀၁၂ ခုနှစ်ကလည်း ထိုင်ဝမ်ဆေးရုံတစ်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနာ ၁၂ ဦး သေဆုံးခဲ့ပြီး အခြား လူ ၆၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က