ပေါ့ဂ်ဘာဟာ အသင်းအတွက် ဂိုးဖန်တီးမှုတစ်ကြိမ်ကို လှလှပပပြုလုပ်ပေးနိုင်ခဲ့သလို အနိုင်ဂိုးတစ်ဂိုးကိုလည်း ခေါင်းတိုက်သွင်းယူပေးခဲ့ကာ တစ်ပွဲလုံးမှာ ခြေစွမ်းပြကစားခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြကစားခဲ့တဲ့ပေါ့ဂ်ဘာကို ယူနိုက်တက်ကစားသမားဟောင်း ဖီးလ်နဗီးလ်က ချီးကျူးစကားပြောဆိုသွားခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဂယ်ရီနဗီးလ်က ပရီးမီးယားလိဂ်မှာ ပေါ့ဂ်ဘာထက်ပိုကောင်းတဲ့ ကစားသမားကို သူ မမြင်ဖူးဘူးလို့ ပြောဆိုချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။ အသက် (၂၅)နှစ်အရွယ် ကွင်းလယ်လူပေါ့ဂ်ဘာဟာ ဟာရဲရားရဲ့ အဖွင့်ဂိုးအတွက် တိကျသေသပ်တဲ့ ပေးပို့မှုကို ဖန်တီးပေးခဲ့ပြီး ကိုယ်တိုင်သွင်းယူခဲ့တဲ့ သွင်းဂိုးဟာလည်း ကွင်းလယ်ကနေ ပြေးတက်သွားခဲ့ပြီး ရက်ရှ်ဖို့ဒ်ရဲ့ ဖြတ်တင်ဘောကို အကောင်းဆုံးအဆုံးသတ်ပြခဲ့တာ ဖြစ်ပါတယ်။
"အရင်တုန်းက ယူနိုက်တက်ရဲ့ ကစားပုံကို ပြန်မြင်တွေ့ခဲ့ရတာပါ၊ ဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်းကလည်း အလုပ်ဖြစ်ခဲ့ပါတယ်၊ လက်ရှိအချိန်မှာတော့ ဆိုးလ်ရှားလက်အောက်မှာ ကစားနေတဲ့ ပေါ့ဂ်ဘာထက် ပိုကောင်းတဲ့ ကစားသမားကို ပရီးမီးယားလိဂ်မှာ ကျွန်တော် မတွေ့သေးပါဘူး၊ ယူနိုက်တက်ရဲ့ အံ့မခန်းကစားပုံကို မြင်တွေ့ခဲ့ရပြီး စိတ်ဓာတ်ပိုင်းကောင်းကောင်းနဲ့ အထက်စီးကနေ ကစားသွားနိုင်ခဲ့တာပါ" လို့ ဖီးလ်နဗီးက BBC Sport ကနေ ပြောကြားသွားခဲ့ပါတယ်။
ဆိုးလ်ရှားလက်ထက်မှာ တိုက်စစ်ပိုင်းကို လွတ်လွတ်လပ်လပ်ကစားခွင့် ရရှိခဲ့ပြီးနောက် ပေါ့ဂ်ဘာရဲ့ ခြေစွမ်းက အံ့မခန်းတိုးတက်လာခဲ့ပြီး ယူနိုက်တက်အတွက် အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ((၇)ပွဲမှာ ပေါ့ဂ်ဘာက (၅)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
မော်ရင်ဟိုလက်ထက်မှာ ဆိုးရွားတဲ့ ကစားပုံကြောင့် ဝေဖန်ခံခဲ့ရတဲ့ အခြေအနေတွေကို ပေါ့ဂ်ဘာက ပြောင်းပြန်လှန်ပစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ပွဲမှာ အနီကတ်ထိခဲ့လို့ ကိုယ့်ကိုကိုယ်ဒေါသထွက်နေခဲ့တဲ့ ပေါ့ဂ်ဘာဟာ ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းစတန်းဖို့ဘရစ်ချ်မှာ ပေါက်ကွဲပြခဲ့ပြီး တစ်ပွဲလုံးမှာ ထင်ရှားသိသာစေတဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။