အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်တွေထဲက အကောင်းဆုံးတစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီး နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပွဲကိုတော့ မနက်ဖြန်မနက် (၂း၀၀)နာရီမှာ ကစားကြတော့မှာ ဖြစ်ပါတယ်။ ဖိအားကိုယ်စီရှိနေတဲ့အသင်းနှစ်သင်း၊ ဆုဖလားမျှော်လင့်ချက်အတွက် နောက်ဆုံးလက်ကျန်ဖလားအတွက် ကစားရမယ့်ပွဲလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာ၊ မှတ်တမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
နှစ်ဖက်နည်းပြပြောစကား
ဆိုးလ်ရှား - "အသင်းက ကစားသမားတိုင်း ကစားခွင့်ရဖို့ အခွင့်အရေးရှိပါတယ်။ အလက်ဆစ် (သို့) လူကာကူ၊ ဒါမှမဟုတ် တာဟစ်ချောင် နဲ့ အိန်ဂျယ်ဂိုမက်စ်တို့ ပွဲထွက်လာနိုင်ပါတယ်၊ အန်သိုနီ နဲ့ ဂျက်ဆီက အသင်းအတွက် အရေးပါတဲ့ ကစားသမားတွေပါ၊ သူတို့ မပါဝင်နိုင်ချိန်မှာ ဆန်းချက်ဇ် နဲ့ လူကာကူက ကွဲပြားတဲ့ ခြေစွမ်းမျိုးကို ပြသနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"
ဇိုလာ(လက်ထောက်နည်းပြ) - " အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲပါ၊ စိန်ခေါ်မှုများပြားတဲ့ပွဲဖြစ်သလို တစ်သင်းနဲ့တစ်သင်း စမ်းသပ်ရမယ့် ပွဲလည်းဖြစ်ပါတယ်၊ ယူရိုပါလိဂ်မှာ ရလဒ်ကောင်း၊ စွမ်းဆောင်ရည်ကောင်းပြသအပြီးမှာ ယူနိုက်တက်နဲ့ ကစားရမှာက အသင်းအတွက် တကယ့်ကိုကောင်းမွန်တဲ့ စိန်ခေါ်မှုတစ်ခုပါပဲ"
ဒဏ်ရာရပွဲပယ်သတင်း
- ချယ်လ်ဆီးမှာ လော့တပ်ခ်ချိ ဒဏ်ရာရရှိနေပြီး ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရပါတယ်။
- ဘယ်နောက်ခံလူ အလွန်ဆိုကတော့ ယူရိုပါလိဂ်ပွဲကို လွဲချော်ခဲ့ပေမယ့် ဒီပွဲအတွက် လူစာရင်းမှာတော့ ပါဝင်လာပါတယ်။
- ယူနိုက်တက်မှာ မာရှယ် နဲ့ လင်ဂတ်တို့ သေချာပေါက်လွဲချော်မှာ ဖြစ်ပါတယ်။
- ဗလန်စီယာ နဲ့ ဒါမီယန်တို့လည်း အသေးစားဒဏ်ရာကြောင့် လွဲချော်မယ်လို့ သိရပါတယ်။
ထိပ်တိုက်တွေ့ဆုံမှု/မှတ်တမ်းများ
- အက်ဖ်အေဖလားပြိုင်ပွဲတစ်လျှောက် (၁၄)ကြိမ်မြောက် တွေ့ဆုံတာဖြစ်ပြီး နောက်ဆုံးတွေ့ခဲ့တဲ့ လေးကြိမ်မှာ ချယ်လ်ဆီးက အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ရာသီက ဗိုလ်လုပွဲမှာလည်း ချယ်လ်ဆီးက တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
- စတန်းဖို့ဘရစ်မှာ သွားကစားခဲ့ရတဲ့ အက်ဖ်အေဖလားပွဲ (၅)ကြိမ်မှာ ယူနိုက်တက်ဟာ (၃)ကြိမ် ရှုံးနိမ့်ဖူးပြီး ၁၉၉၉ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် အနိုင်ရထားခဲ့ပါတယ်။
- ချယ်လ်ဆီးအနေနဲ့ ဒီပွဲကို အနိုင်ရခဲ့မယ်ဆိုရင် အက်ဖ်အေဖလားပွဲမှာ ယူနိုက်တက်ကို (၅)ပွဲဆက် အနိုင်ရတဲ့ ပထမဆုံးအသင်းဖြစ်လာမှာပါ။
- ပြိုင်ပွဲစုံနောက်ဆုံး (၂၂)ကြိမ် အဝေးကွင်းမှာ ကစားခဲ့မှုမှာတော့ ယူနိုက်တက်က (၂)ပွဲသာ ချယ်လ်ဆိးကို အနိုင်ရခဲ့ပြီး (၇)ပွဲသရေကျကာ (၁၃)ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။
- ချယ်လ်ဆီးအနေနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် လေးနှစ်ဆက်တိုက် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။
- ဒီရာသီ ပရီးမီးယားလိဂ်မှာ တွေ့ဆုံခဲ့စဉ်ကတော့ တစ်ဖက်ကို နှစ်ဂိုးစီနဲ့ အကြိတ်အနယ် သရေပွဲဖြစ်ခဲ့ပါတယ်။
ပေါလ်မာဆွန်ရဲ့ ခန့်မှန်းချက်
- ပီအက်စ်ဂျီကို အရေးနိမ့်အပြီးမှာ ကစားရမယ့်ပွဲက ယူနိုက်တက်အတွက် ခက်ခဲမှာပါ။ လင်ဂတ် နဲ့ မာရှယ်ကို ဆုံးရှုံးရမှာဖြစ်လို့ ယူနိုက်တက်အတွက် ပိုပြီးခက်ခဲလာမှာပါ။ ပီအက်စ်ဂျီကို ရှုံးထားလို့ ယူနိုက်တက်က ဖိအားတွေ ရှိနေပြီးတော့ အဝေးကွင်းမှာ ချယ်လ်ဆီးကို ရင်ဆိုင်ရမှာက မလွယ်ကူလောက်ပါဘူး။ ချယ်လ်ဆီးကပဲ အိမ်ကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားမှာပါ။
Share