ကွင်းသစ်စီမံကိန်းက ဆုဖလားတွေထက်ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။

စပါးအသင်းက ဆုဖလားတွေထက် ပိုအရေးကြီးတဲ့ အရာတွေ လုပ်ဆောင်နေတယ်ဆိုတာကို ပွန်ချက်တီနိုက အကျယ်တဝင့် ရှင်းလင်းပြောဆိုခဲ့ပါတယ်။

စပါးအသင်းအနေနဲ့ အခုလက်ရှိ အခြေအနေကနေ ပရီးမီးယားလိဂ်၊ ချန်ပီယံယံလိဂ်တို့ကို ပုံမှန် ဆွတ်ခူးချင်တယ်ဆိုရင်တော့ မှော်ဆရာတစ်ယောက်ကို ခေါ်ယူနိုင်မှသာလျှင် ဖြစ်နိုင်လိမ့်မယ်လို့ နည်းပြ ပွန်ချက်တီနိုက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ပွန်ချက်တီနိုအနေနဲ့ ဒီလို ပြောဆိုနေချိန်မှာ သူစွမ်းဆောင်ပေးထားတဲ့ ၄ နှစ်ဆက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပရိသတ် ၆၂၀၀၀ ဆံ့ကွင်းသစ်ကြီးကို ရည်ညွှန်းခဲ့ပါသေးတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရပ်တည်မှုမှာလည်း ချန်ပီယံဆုအတွက် လီဗာပူး၊ မန်စီးတီးတို့နဲ့ ယှဉ်ပြိုင်ရမယ့် အခြေအနေက မဖြစ်နိုင်ပေမယ့် စိန်ခေါ်မှုကိုတော့ လက်ခံခဲ့တယ်လို့ BBC SPORT သတင်းဌာန ကဖော်ပြထားပါတယ်။

“ကျွန်တော့်အနာဂတ်ကို ကျွန်တော်သံသယရှိနေပါပြီ၊ ၅ နှစ်အတွင်းမှာ ကျွန်တော်တို့ အံ့အားသင့်စရာတွေ စွမ်းဆောင်နိုင်ခဲ့တယ်လို့ ယုံကြည်ထားပါတယ်၊အခုအားလုံးပြောနေကြတဲ့ မျှော်လင့်ချက်တွေအတွက်ဆို ရင်တော့ အခုက မလုံလောက်သေးပါဘူး။အခု နှိုင်းယှဉ်နေကြတာ မျှတရဲ့လားဆိုတာ ပြန်တွေးကြည့်စေချင် ပါတယ်။လူတွေက ကျွန်တော်တို့ကို ဆုံးဖြတ်နေတယ်၊နောက်ပြီး ဖိအားတွေ ပေးနေတယ်၊ ဒါက တရားရဲ့လား၊” လို့ ပွန်ချက်တီနီုက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း အိမ်ကွင်းသစ်ကြီး တည်ဆောက်နေနိုင်ပြီဆိုတဲ့ အကြောင်း၊ ဒီကွင်းသစ်ကြီးကဆုဖလားတွေထက်ပိုတဲ့ ကြီးကျယ်ခမ်းနားမှုဖြစ်တယ်လို့လည်း ပွန်ချက်တီနိုကပြောခဲ့ပါတယ်။

“ကျွန်တော်တို့ ဆုဖလားတွေ လိုချင်တာပေါ့၊ဒါပေမယ့် အဲ့ဒါတွေထက် အရေးကြီးတာတွေ လုပ်ဆောင်နေရပါ တယ်။ကလပ်က ကျွန်တော်တို့ကို ပိုပြီး ကြီးလေးတဲ့ တာဝန်ကို ပေးထားပါတယ်၊ဒါကြောင့် ကျွန်တော့်အမြင်ကို တော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး၊ ဒီလိုမှမဟုတ်ပဲ ပရီးမီးယားလိဂ်ရမှ၊အက်ဖ်အေရမှ၊ချန်ပီယံလိဂ်ရမှဆို ရင်တော့ မှော်ဆရာတစ်ယောက်ကိုသာ ခေါ်လိုက်ပါတော့။” လို့ ပွန်ချက်တီနိုက အဆုံးသတ်ပြောခဲ့တယ်။

အခုလို ပွန်ချက်တီနိုအနေနဲ့ ပြောခဲ့ရခြင်းတွေကတော့ ဒီရက်ပိုင်းအတွင်း စပါးအသင်းရဲ့ ဆုဖလား မကိုင်မြှောက်နိုင်ရတဲ့ အခြေအနေပေါ် သုံးသပ်ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ စပါးအသင်းကတော့ ဒီကနေ့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ လန်ဒန်ဒါဘီပွဲအဖြစ် အာဆင်နယ်အသင်းကို ဧည့်ခံကစားဖို့ရှိနေပါတယ်။

Share

Loading Next Article...
က္က