ပီအက်စ်ဂျီကို အနိုင်ရရှိခဲ့ပြီးနောက် ယာယီနည်းပြဆိုးလ်ရှားဟာ အမြဲတမ်းနည်းပြဖြစ်လာဖို့ သေချာသလောက် ဖြစ်သွားခဲ့ချိန်မှာ နဗီးလ်က ဆိုးလ်ရှားကို အကြံပြုခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ်က လာမယ့်ရာသီသစ်အတွက် ယူနိုက်တက်အနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ ထိပ်တန်းအဆင့် ဗဟိုနောက်ခံလူတစ်ဦးကို ဝယ်ယူရမယ်လို့ အကြံပေးပြောဆိုသွားခဲ့ပါတယ်။ ပီအက်စ်ဂျီကို အနိုင်ရရှိခဲ့ပြီးနောက် ယာယီနည်းပြဆိုးလ်ရှားဟာ အမြဲတမ်းနည်းပြဖြစ်လာဖို့ သေချာသလောက် ဖြစ်သွားခဲ့ချိန်မှာ နဗီးလ်က ဆိုးလ်ရှားကို အကြံပြုခဲ့တာ ဖြစ်ပါတယ်။
လာမယ့်ရာသီမှာ မန်စီးတီး နဲ့ လီဗာပူးလ်တို့နဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုုင်ဖို့အတွက ်ယူနိုက်တက်ရဲ့ လိုအပ်ချက်ကို နဗီးလ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဘဝက အနားယူခဲ့ပြီးနောက် ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ နဗီးလ်ဟာ အသင်းဟောင်းနဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို အကြံပြုချက်၊ ဝေဖန်သုံးသပ်မှုတွေကို ပြုလုပ်နေသူလည်း ဖြစ်ပါတယ်။
"ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဗီုလ်လုပွဲကို ရောက်ရှိဖို့နဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ဆိုရင် ထိပ်တန်းဗဟိုခံစစ်ကစားသမားတစ်ဦး လိုအပ်ပါတယ်၊ လက်ရှိမှာ ဗဟိုခံစစ်မှူး နှစ်ဦး နဲ့ ညာအစွန်ခံစစ်ကစားသမားတစ်ဦး လိုအပ်နေပြီးတော့ လာမယ့်ရာသီမှာ သေချာပေါက်
အားဖြည့်ခေါ်ယူရမှာပါ၊ ပြီးခဲ့တဲ့ ရာသီကတည်းက လိုအပ်နေခဲ့ပေမယ့် သူတို့မလုပ်နိုင်ခဲ့ပါဘူး၊ ဒါကြောင့် လာမယ့်နှစ်မှာ ဒါကို လုပ်ဖြစ်အောင် လုပ်ရပါမယ်"
"တကယ်ဆိုရင် နောက်တန်းတစ်တန်းလုံးအတွက် ကစားသမား (၄)ဦးတောင် လိုအပ်နေတာပါ၊ ဒါက သံသယဖြစ်စရာကို မလိုပါဘူး၊ ရာဖေးလ် ထွက်ခွာသွားခဲ့ပြီးကလည်း ယူနိုက်တက်ဟာ ညာခံစစ်ပိုင်း အားနည်းနေခဲ့တာပါ၊ ဒါပေမယ့် ဗဟိုခံစစ်ပြသနာက ပိုပြီးကြီးမားပါတယ်၊
ဗန်ဒိုက် နဲ့ သီယာဂိုဆေးဗားလ်တို့ရဲ့ ကစားပုံကို ကျွန်တော် ကြည့်ခဲ့ပြီးပါပြီ"
"သူတို့က ကမ္ဘာ့အဆင့်နောက်ခံလူတွေ ဖြစ်ပြီးတော့ ယူနိုက်တက်မှာ အဲဒီလိုကစားသမားမျိုး လိုအပ်နေတာပါ" လို့ BT Sports ကတဆင့် ဂယ်ရီနဗီးလ်က ပြောကြားသွားခဲ့ပါတယ်။ နေရာစုံမှာ အင်အားတောင့်တင်းဖို့အတွက်တော့ ယူနိုက်တက်ဟာ ခံစစ်ကစားသမား (၃)ဦး၊ ကွင်းလယ်လူ တစ်ဦးနဲ့ တိုက်စစ်မှူးတစ်ဦး လိုအပ်တယ်လို့လည်း နဗီးလ်က အကြံပေးသွားခဲ့ပါတယ်။