ယူနိုက်တက်ဟာ နော်ဝှစ်ချ်ကို အဝေးကွင်းမှာ ခက်ခက်ခဲခဲကစားခဲ့ရပြီးမှသာ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
နော်ဝှစ်ချ်ကို အနိုင်ယူပြီး အက်ဖ်အေဖလားဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် ယူနိုက်တက်နည်းပြဆိုးလ်ရှားက ဒါဟာအသင်းသားတွေရဲ့ နိုင်လိုစိတ်ကို အားကောင်းစေခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ နော်ဝှစ်ချ်ကို အဝေးကွင်းမှာ ခက်ခက်ခဲခဲကစားခဲ့ရပြီးမှသာ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
အီဂါလိုရဲ့ ဦးဆောင်ဂိုးကို ကန့်တ်ဝဲလ်က ချေပခဲ့ပြီးနောက်မှာ ယူနို်က်တက်တို့အခက်တွေ့ခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ နော်ဝှစ်ချ်ကစားသမားတစ်ဦးထုတ်ပယ်ခံခဲ့ရပေမယ့် ဂိုးမသွင်းနိုင်ခဲ့လို့ အချိန်ပိုထပ်ကစားခဲ့ရကာ အချိန်ပိုဒုတိယပိုင်းမှ မက်ဂွိုင်းယားရဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် ဆိုးလ်ရှားက "ကျွန်တော်တို့ ဆီမီးဖိုင်နယ်အဆင့်ကိုရောက်နေပါပြီ၊ ဒီအတွက်ကျေနပ်မိပါတယ်၊ ပြီးခဲ့တဲ့ရာသီက ကွာတားဖိုင်နယ်ထိတက်ရောက်နိုင်ခဲ့ပြီး ဝုလ်ကိုအရေးနိမ့်ခဲ့ပါတယ်၊ အခုတော့ အနည်းဆုံး ကျွန်တော်တို့ ဝင်ဘလေမှာ ဆီမီးပွဲကစားရတော့မျာပါ၊ ဒါက အသင်းအတွက် ပထမဆုံးဆုဖလားဆွတ်ခူးနိုင်ဖို့အတွက် အရေးကြီးပါတယ်"
"ဒါမှမဟုတ် ပထမဆုံးဗိုလ်လုပွဲဖြစ်လာဖို့ပါ" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ဒီရာသီမှာ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူနိုင်ဖို့အတွက် အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ အက်ဖ်အေဖလားပြိုင်ပွဲဟာ ယူနိုက်တက်အတွက် ဒီရာသီမှာ ရယူနိုင်မယ့်ပထမဆုံးဖလားဖြစ်လာနိုင်တာလည်း ဖြစ်ပါတယ်။