ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက ဆူးလေ-လေဆိပ်ကို ပြေးဆွဲတဲ့ YBS ကားပေါ်မှာ တွေ့ရှိခဲ့တဲ့လူနာမှာ ကိုရိုနာဗိုင်းရပ်စ်သံသယရှိလူနာမဟုတ်သလို စောင့်ကြည့်လူနာလဲမဟုတ်ဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲ ဒုညွှန်မှူး ဒေါက်တာခင်ခင်ကြီးက ပြောလိုက်ပါတယ်။
Photo- Thet Htet Aung Fb
အဆိုပါ အမျိုးသားမှာ အသက် (၂၅) နှစ်အရွယ် မြန်မာလူမျိုးဖြစ်ပြီး ကိုရီးယား ပြန်လာခဲ့သူ လက်ရှိ ဝေဘာဂီဆေးရုံမှာ ပြင်ပလူနာအဖြစ် ကုသမှုခံယူနေတယ်လို့သိရပါတယ်။
“ ဒီလူနာက ဖျားတဲ့လူနာလည်းမဟုတ်ဘူး။ ချောင်းဆိုးတာတွေ ဘာတွေလည်းမဟုတ်ဘူး။ သံသယလူနာ Defination မကိုက်ညီပါဘူး။ သူက တခြားရောဂါပဲ။ ဒီရောဂါနဲ့ ဘာမှမဆိုင်ပါဘူး။ အခုလက်ရှိ ဝေဘာဂီမှာ OPD ပဲ အမတို့စောင့်ကြည့်ပေးနေတယ်” လို့ ဒေါက်တာခင်ခင်ကြီးက Duwun ရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဆူးလေ-လေဆိပ်ပြေးဆွဲနေတဲ့ YBS ပေါ်မျာ သံသယလူနာတစ်ဦးတွေ့ရှိတယ်ဆိုတဲ့ ဓာတ်ပုံ၊ဗီဒီယိုဖိုင်တွေဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တာပါ။
ဗီဒီယိုထဲမှာတော့ လေဆိပ်အပြင်ဘက်မှာ ရပ်ထားတဲ့ YBS ပေါ်မှာ Mask တပ်ထားတဲ့ လူတစ်ဦးကို လေဆိပ်က ကျန်းမာရေးဌာနတာဝန်ရှိသူတွေက စစ်ဆေးပြီး ပြန်လည်ခေါ်ဆောင်သွားခဲ့တာတွေ့ရပါတယ်။
အဲဒီလူနာဟာ လေဆိပ်မှာ ရပ်ထားတဲ့ကားပေါ်ကို တက်လာခဲ့တာဖြစ်ပြီး သူ တက်လာပြီး မကြာခင်မှာ ကျန်းမာရေးတာဝန်ရှိသူတွေက ခေါ်ဆောင်သွားခဲ့တာလို့ YRTA အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။
“ ဒီလူက ခရီးသွားတော့မဟုတ်ပါဘူး။သူက လေဆိပ်မှာ ရပ်ထားတဲ့ ကျွန်တော်တို့ YBS ကားပေါ်ကို တက်လာတာပါ။ တက်တက်ချင်း လေဆိပ်ကအဖွဲ့တွေက စစ်ဆေးနေဆဲလူဖြစ်တယ်ဆိုပြီး လာခေါ်သွားတာပါ” လို့ ဦးလှအောင်က Duwun ကိုပြောပါတယ်။