ဆူးလေဘုရားနဲ့ ဗိုလ်တထောင်ဘုရားကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီး ရွှေတိဂုံဘုရားကို မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိသာ ဖွင့်နေကြောင်း တာဝန်ရှိသူများထံကနေ သိရပါတယ်။
COVID-19 ရဲ့ဂယက်တွေကြောင့် ဆူးလေဘုရားနဲ့ ဗိုလ်တစ်ထောင်ဘုရားတွေကို ဒီကနေ့ မတ်လ ၂၈ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိပိတ်ထားလိုက်ပါပြီ။
"အထက်က ဆရာတော်ကြီး သြဝါဒခံယူပြီး ညွှန်ကြားလို့ မနက် ၁၀ နာရီ ၂၅ လောက်မှာ ပိတ်လိုက်ပါတယ်ခင်ဗျ။ အကန့်အသတ်မရှိ ပိတ်လိုက်ပါတယ်။ အထက်က ညွှန်ကြားမှပဲ ဖွင့်မယ်လို့ " လို့ ဆူးလေဘုရားတာဝန်ခံ ဦးအောင်အောင်က Duwun ကို ဖြေကြားပါတယ်။
ဗိုလ်တစ်ထောင်ဘုရားကိုလည်း ဒီနေ့ကစပြီး ဘုရားဖူးအဝင်လက်မခံတော့ဘဲ ရောဂါအခြေအနေအရ အကန့်အသတ်မရှိပိတ်ထားပြီဖြစ်ကြောင်း ဗိုလ်တစ်ထောင်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးကလည်း Duwun ကို ပြောပါတယ်။
ဆူးလေနဲ့ ဗိုလ်တစ်ထောင်ဘုရားကိုတော့ ဘုရားဖူးများကို လက်မခံတော့ဘဲ ရက်အကန့်အသတ်မရှိပိတ်လိုက်ပေမယ့် ရွှေတိဂုံဘုရားကိုတော့ အချိန်အကန့်အသတ်နဲ့ ဖွင့်လှစ်ထားပါတယ်။
" ရွှေတိဂုံဘုရားကို မတ်လ ၂၅ ရက်နေ့ကစလို့ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိသာ ဖွင့်လှစ်နေတာဖြစ်ပါတယ်။ လာရောက်ဖူးမြော်သူတွေကို အပူချိန်တိုင်းခြင်း၊ လက်ဆေးစေခြင်းနဲ့ ဘုရားပေါ်မှာ ချဲထိုင်ပြီး ဘုရားဝတ်ပြုစေတယ်"လို့ ရွှေတိဂုံဘုရားရဲ့ဂေါပကတစ်ဦးဖြစ်တဲ့ ဒေါက်တာရဲအောင်က Duwun ကို ပြောပါတယ်။
ရွှေတိဂုံဘုရားမှာတော့ ဘုရားဖူးချိန်ပိတ်သိမ်းပြီး ညနေ ၄ နာရီခွဲရောက်တာနဲ့ ဘုရားရင်ပြင်ကြီးတစ်ခုလုံးကို ဆေးရည်ဖြန်းပြီးတော့ သန့်ရှင်းရေးနေ့စဉ်လုပ်တယ်လို့ဆိုပါတယ်။
Covid 19 ဂယက်ကြောင့် ရန်ကုန်မှာလူစည်ကားရာနေရာတွေဖြစ်တဲ့ ရုပ်ရှင်ရုံတွေ စားသောက်ဆိုင်တွေကို ပိတ်သိမ်းခဲ့ပြီး အခုဆိုရင် ဘုရားတွေကိုပါ ပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ Covid 19 positive လူနာ (၈) ဦးရှိနေပြီဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက (၅)ဦးပါဝင်ပါတယ်။
Share