သထုံမြို့နယ်၊ ကျောက်တန်းကျေးရွာမှာ အဘိုးအရင်းဖြစ်သူက အသက်(၁၃)နှစ်အရွယ်မြေးမလေးကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ သထုံမြို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ထံမှသိရပါတယ်။
အဘိုးဖြစ်သူက လွန်ခဲ့တဲ့ (၃)နှစ်လောက်ကတည်းက ဦးဇင်းဝတ်နေတာဖြစ်ပြီး သားဖြစ်သူမိသားစုဆီလာလည်တဲ့အခါမှာ လူကြီးတွေမရှိတုန်း မြေးအရင်းဖြစ်သူကို အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
“ ကလေးမလေးမိသားစုတွေက ရာဘာခြစ်တဲ့အလုပ်လုပ်တာ။ ကျူးလွန်တဲ့သူက ကလေးမလေးအဖေရဲ့အဖေပေါ့။ ကျူးလွန်တာက တန်ဆောင်မုန်းလပြည့်ကျော်လောက်ကတည်းကဖြစ်တာ။အဲ့ဒီအရင်ကလည်း နှစ်ခါလောက်ကိုယ်ထိလက်ရောက်ပြုတယ်လို့တော့ပြောတယ်။ ကလေးမလေးကရာသီမမှန်တော့ သူမိသားစုတွေကမေးတော့မှ သူ့အဘိုးကအခုလိုကျူးလွန်တယ်ဆိုတာပြောတာ။ ဆေးစစ်ဆေးချက်အရတော့ ကိုယ်ဝန်တော့မရှိဘူး။ ကျူးလွန်တဲ့သူကိုလည်း ဇန်နဝါရီ(၁)ရက်နေ့ကပဲ သူဘုန်းကြီးဝတ်နေတဲ့ကျောင်းကို သံဃာ့နာယကအဖွဲ့တွေနဲ့ သွားဖမ်းပြီး အမှုဖွင့်ထားတယ်” လို့ ဒီအမှုမှာလိုက်ပါဆောင်ရွက်ပေးနေတဲ့ သထုံမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်ခိုင်ခိုင်လဲ့က Duwun ကိုပြောပါတယ်။
ကျူးလွန်တဲ့သူက တန်ဆောင်မုန်းလပြည့်ကျော်လောက်က သားသမီးတွေအလုပ်လုပ်တဲ့ ရာဘာခြံထဲကိုသွားရောက်ခဲ့ပြီး လူကြီးတွေအလုပ်လုပ်နေတဲ့အချိန် ရာဘာခြံထဲလူရှင်းတဲ့နေရာမှာပဲ ကလေးမလေးကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
ကလေးမလေးကငယ်သေးတာကြောင့် ကျူးလွန်သူကို ဖမ်းဆီးပြီး တရားခံမသေချာမှာစိုးလို့ သံသယတရားခံတွေကို ရပ်ခိုင်းပြီးဘယ်သူလဲရွေးခိုင်းတဲ့အခါမှာလည်း သူ့အဘိုးကိုပဲရွေးပြခဲ့သလို သူ့အဘိုးကိုယ်တိုင်ကလည်းကျူးလွန်ကြောင်းဝန်ခံခဲ့တယ်လို့ ဒေါ်ခိုင်ခိုင်လဲ့ကပြောပါတယ်။