သုံးခွမြို့နယ် မုတ္တမပင်လယ်ကွေ့မှာ သောင်တင်နေတဲ့ နိုင်ငံခြားကွန်တိန်နာသဘောၤတစ်စီး ဟာ အောက်တိုဘာလ ၁ ရက်နေ့က ရေဝင်ပြီး ပဲ့ပိုင်းနစ်မြှုပ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
သုံးခွမြို့နယ် သမစိတ္တကျေးရွာ ပင်လယ်ကမ်းစပ်ကနေ ရေမိုင် ၇မိုင်ခန့်ကွာဝေးတဲ့ စစ်တောင်းမြစ်ဝအနီးမှာ နိုင်ငံခြားကွန်တိန်နာသဘောၤ SAM RATULANGI PB-1600 ဟာ သြဂုတ်လ ကတည်းကသောင်တင်နေခဲ့တာဖြစ်ပါတယ်။
အဆိုပါ ကွန်တိန်နာသဘောၤဟာ အောက်တိုဘာ ၁ ရက်နေ့ ညနေ ငါးနာရီခွဲအချိန်မှာ ပင်လယ်ဒီရေတက်မှုနဲ့ လေဖိအားကြောင့် သဘောၤဦးပိုင်းတစ်ခုလုံး သောင်ပေါ်ကို ရှေ့တိုးတင်သွားခဲ့ပြီး သဘောၤအတွင်းစိမ့်ဝင်နေတဲ့ရေတွေ ပဲ့ပိုင်းကို ရောက်ရှိကာ ပဲ့ပိုင်းတစ်ခုလုံး နစ်မြှုပ်သွားခဲ့တယ်လို့ ပြည်ထဲရေးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အလျား ၁၇၇ ဒသမ ၃၅ မီတာ၊ အနံ ၂၇ ဒသမ ၉၁ မီတာရှိပြီး လူနဲ့ ကုန်ပစ္စည်းတွေမပါရှိဘဲ အလေးချိန် ၂၆၅၁၀ တန်ရှိတဲ့ အဆိုပါသဘောၤကြီးဟာ အင်ဒိုနီးရှားကုန်တင်သဘောၤဖြစ်ပြီး သြဂုတ်လ ၂၈ ရက်က သုံးခွမြို့နယ် သမ္မစိတ္တကျေးရွာအနီး မုတ္တမပင်လယ်ကွေ့မှာ ငါးဖမ်းစက်လှေတွေက စတင်တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါသဘောၤဟာ မြန့်မာ့ပင်လယ်ပြင်မှာ သြဂုတ်လ ၂၇ ရက်က စတင်သောင်တင်ခဲ့ပြီး သဘောၤပိုင်ရှင်မှာ SAM RATULANG ဆိုသူဖြစ်ပြီး သဘောၤက towline ပြုတ်ထွက်သွားခဲ့ပြိး ရေယာဉ်ဝန်ထမ်းတွေက သဘောၤကို စွန့်ခွာသွားခဲ့ပြီး ပီနန်ဆိပ်ကမ်းကို ပြန်လည် မောင်းနှင်ခဲ့တာဖြစ်ပါတယ်။