နိုင်ငံတကာဈေးကွက်ထဲ ဖြန့်ချိမှု မလုပ်ဆောင်ရသေးပေမယ့် Huawei ရဲ့ နောက်ဆုံးထွက် flagship ဖုန်းတွေကတော့ အံ့သြစရာကောင်းအောင် ရောင်းအားသွက်နေပါတယ်။
Huawei Mate 30 ဖုန်းသစ်တွေကို ဂျာမဏီနိုင်ငံ မြူးနစ်မှာ တရားဝင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ဥရောပမှာ ရောင်းမယ့် ဈေးတွေပါ ကြေညာခဲ့တာ ဖြစ်ပေမယ့် ရောင်းချမယ့်အချိန် မပြောသေးပါဘူး။ Google ဝန်ဆောင်မှုတွေ မပါတော့တဲ့ ပြဿနာကို ရှင်းဖို့အတွက် Huawei အနေနဲ့အချိန်ယူနေတာလည်း ဖြစ်နိုင်ပါတယ်။
Photo: Forbes
တရုတ်မှာတော့ Huawei Mate 30 နဲ့Mate 30 Pro ဖုန်းတွေကို ပြီးခဲ့တဲ့ ကြာသာပတေး စက်တင်ဘာ ၂၆ ရက်နေ့က စတင်ရောင်းချခဲ့တာ ဖြစ်ပြီး ၃ နာရီအတွင်း Huawei ဟာ ဖုန်းအလုံးရေ ၁ သန်း ရောင်းချနိုင်ခဲ့တယ်လို့Forbes သတင်းမှာ ဖော်ပြထားပါတယ်။ ရှန်းကျန့်မှာ ရှိတဲ့ Huawei ရဲ့ flagship အရောင်းစတိုးမှာ ဖုန်းသစ်လာဝယ်သူတဲ့ လူတန်းကြီးတွေရဲ့ ပုံတွေလည်း အွန်လိုင်းပေါ် တက်လာခဲ့ပါတယ်။
အွန်လိုင်းအမှာစာတွေပါ ထည့်တွက်မယ်ဆိုရင် Huawei ဟာ တစ်မိနစ်အတွင်း ယွမ် သန်း ၅၀၀ အထိ ရရှိခဲ့တယ်လို့GSMArena သတင်းက ဖော်ပြထားတာကြောင့် ဒါဟာ ပျမ်းမျှ တစ်မိနစ်ကို ဖုန်းပေါင်း ၁ သိန်းခန့်ရောင်းချနိုင်ခဲ့တဲ့ သဘော ဖြစ်ပါတယ်။ တရုတ်မှာ Huawei Mate 30 series စမတ်ဖုန်းတွေ စတင်ရောင်းချချိန်မှာလည်း မြူးနစ်မှာ ယူရို ၈၀၀ ( မြန်မာငွေ ၁၃ သိန်းကျော်) နဲ့ရောင်းမယ်လို့ကြေညာခဲ့တဲ့ Huawei Mate 30 အနိမ့်ဆုံး base model ကို ၃၉၉၉ ယွမ် ( မြန်မာငွေ ၈ သိန်းခွဲကျော်) ဈေးနဲ့ရောင်းချခဲ့တာပါ။
Photo: pcworld
အမေရိကန် အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖြစ်ပြီးနောက်ပိုင်း Huawei ဟာ တရုတ်ပြည်တွင်းမှာ ရောင်းအားအတက်ဘက်မှာပဲ ပြလာခဲ့ပါတယ်။ Canalys ကနေ ပြုလုပ်တဲ့ သုတေသနအရ Huawei ဟာ ၂၀၁၉ ဒုတိယသုံးလပတ်အတွင်း တရုတ်မှာ စမတ်ဖုန်းပေါင်း ၃၇.၃ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပြီး အရင် ၂၀၁၈ ကာလတူထက် ၃၁% အထိ ပိုရောင်းအားတက်နေခဲ့တာပါ။
Huawei က လွဲပြီး ကျန်တဲ့ Apple ၊ OPPO ၊ Vivo နဲ့Xiaomi တို့ဟာ တရုတ်ပြည်တွင်း စမတ်ဖုန်းရောင်းအားမှာ ၂၀၁၈ ကထက် ပိုပြီး ကျဆင်းလာနေတယ်လို့လည်း Canalys သုတေသနက ဖော်ပြထားပါတယ်။