ဆူနာမီဖြစ်စေခဲ့တဲ့ အင်ဒိုမီးတောင် ပေါက်ကွဲမှုဖြစ်ပြီးနောက် အမြင့်ပေ သုံးပုံနှစ်ပုံကျော် လျော့ကျသွား

အင်ဒိုနီးရှားနိုင်ငံမှာ ဆူနာမီဖြစ်စေခဲ့တဲ့ Anak Krakatau မီးတောင်ဟာ ပေါက်ကွဲမှုဖြစ်ပြီးနောက် မူလအမြင့်ထက် သုံးပုံနှစ်ပုံကျော် နိမ့်ကျသွားခဲ့တယ်လို့ သုတေသီတွေက ပြောပါတယ်။

(Photo: Reuters)

အဆိုပါ မီးတောင်ဟာ ဒီဇင်ဘာ ၂၂ ရက်မှာ ပေါက်ကွဲခဲ့ပြီးနောက် ဆူမာတြားနဲ့ဂျာဗားကျွန်းကြားရှိ ဆန်ဒါရေလက်ကြားအနီး ကမ်းရိုးတန်းဒေသမှာ ပြင်းထန်တဲ့ ဆူနာမီရေလှိုင်းတွေ တက်ရောက်ခဲ့ရာ လက်ရှိအချိန်ထိ လူ ၄၂၆ ဦးထက်မနည်း သေဆုံးကြောင်းနဲ့ နောက်ထပ် လူ ၂၃ ဦး ပျောက်ဆုံးနေကြောင်း အင်ဒိုနီးရှားအာဏာပိုင်တွေက အတည်ပြုထားပါတယ်။

ူနာမီရေလှိုင်းတွေကြောင့် အဆောက်အအုံ အများအပြားလည်း ပျက်စီးခဲ့ပြီး လူဦးရေ ၄၀,၀၀၀ ကျော် နေအိမ်စွန့်ခွာခဲ့ကြရပါတယ်။



(Photo: CGTN)

ယခုအခါ သုတေသီတွေက Anak Krakatau မီးတောင်ရဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို စစ်ဆေးခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျောက်တုံးနဲ့ ပြာမှုန်များ ပင်လယ်ထဲကို ရောက်ရှိသွားမှုပမာဏကို တွက်ချက်ခဲ့ကြတယ်လို့ဆိုပါတယ်။ ၎င်းတို့ရဲ့အဆိုအရ မီးတောင်ရဲ့အမြင့်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သုံးပုံနှစ်ပုံကျော် လျော့ကျသွားခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

မီးတောင်ရဲ့ အစိတ်အပိုင်းတွေဟာ လှုပ်ရှားမှုတစ်ကြိမ်အတွင်း ပင်လယ်ထဲကို ပြိုကျသွားခဲ့နိုင်တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမဖြစ်မီက အမြင့် ၁,၁၁၅ ပေရှိတဲ့ Anak Krakatau မီးတောင်ဟာ ယခုအခါ အမြင့်ပေ ၃၆၀ မျှသာရှိတော့ကြောင်း Centre of Volcanology and Geological Hazard Mitigation (PVMBG) က ပြောပါတယ်။

(Photo: JAXA)

PVMBG က မီးတောင်ရဲ့အမြင့်ကို တွက်ချက်ရာမှာ ဥရောပသမဂ္ဂရဲ့ Sentinel-1 နဲ့ ဂျာမန် TerraSAR-X အပါအဝင် စောင့်ကြည့်ဂြိုဟ်တုများမှ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ထုထည်အားဖြင့်ဆိုပါက Anak Krakatau မီးတောင်ဟာ ကုဗမီတာ သန်း ၁၅၀ မှ သန်း ၁၇၀ အထိ အစိတ်အပိုင်းများ ပြိုကျသွားခဲ့ပြီး လက်ရှိမှာ မီးတောင်ရဲ့ထုထည်ဟာ ကုဗမီတာ သန်း ၄၀ မှ သန်း ၇၀ ကြားသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က