ဆူမာတြားနဲ့ ဂျာဗားကျွန်းကြား ဆန်ဒါရေလက်ကြားအနီး ကမ်းရိုးတန်းဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ကြောက်မက်ဖွယ်ရာ ဆူနာမီဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရသူတွေအနက် ထင်ရှားတဲ့ အင်ဒိုနီးရှားတေးဂီတအဖွဲ့ Seventeen ရဲ့ အဆိုတော်ရီဖီအန်း (Riefian Fajarsyah) လည်း ပါဝင်ခဲ့ပြီး သူ့အဖြစ်က ကြေကွဲဝမ်းနည်းစရာအတိပါပဲ။
(အဆိုတော်ရီဖီအန်းနှင့် ဇနီး ဆာဟာရာ) (Photo: ifanseventeen/Insgagram)
အဆိုတော်ရီဖီအန်းဟာ မီးတောင်ပေါက်ကွဲပြီးနောက် ပြင်းထန်တဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုအတွင်း အသက်ရှင်ကျန်ခဲ့ပေမဲ့ သူ့ရဲ့ဇနီးဖြစ်သူ တီဗီမင်းသမီးနဲ့ အစီအစဉ်တင်ဆက်သူ ဒိုင်လန်းဆာဟာရာ (Dylan Sahara)၊ Seventeen အဖွဲ့ရဲ့ ဘေ့စ်ဂစ်တာသမား ဘန်ဒီ (Bandi)၊ ဂစ်တာသမား ဟာမန်း (Herman)၊ ဒရမ်တီးသူ အန်ဒီ (Andi)၊ လမ်းခရီးစီစဉ်သူနဲ့ နောက်ထပ် အဖွဲ့သားတစ်ဦးတို့ကတော့ သေဆုံးသွားခဲ့ရှာပါတယ်။
(ဝဲမှယာ - အန်ဒီ၊ ရီဖီအန်း၊ ဘန်ဒီနှင့် ဟာမန်း) (Photo: seventeenbandid/Instagram)
မထင်မှတ်ထားတဲ့ အခြေအနေမှာ ဇနီးနဲ့ ဂီတအဖွဲ့မှ အဖွဲ့ဝင်သူငယ်ချင်းတွေကို တစ်ပြိုင်နက် ဆုံးရှုံးလိုက်ရတဲ့ ရီဖီအန်းကို Seventeen ဂီတအဖွဲ့ပရိသတ်တွေ၊ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေနဲ့ ကျော်ကြားတဲ့ အနုပညာရှင်တွေထံမှ စာနာထောက်ထားကြောင်း သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားမှု အရေအတွက် သောင်းနဲ့ချီရှိခဲ့ပါတယ်။ ရီဖီအန်းဟာ ဆူနာမီဖြစ်ရပ်အတွင်း ကမ်းခြေမှာရှိနေခဲ့တဲ့ Seventeen တေးဂီတအဖွဲ့မှ တစ်ဦးတည်းသော အသက်ရှင်ကျန်သူလို့လည်း သတင်းတွေက ပြောပါတယ်။
(Photo: ifanseventeen/Insgagram)
ဆူနာမီကြောင့် သေဆုံးသွားတဲ့ ရီဖီအန်းရဲ့ဇနီး ဒိုင်လန်းဆာဟာရာဟာ အင်ဒိုနီးရှားမှာ လူသိများတဲ့ နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်ပြီး လာမယ့်နှစ် ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပါတယ်။ ဒီဇင်ဘာ ၂၃ ရက်မှာ အသက် ၂၆ နှစ်ပြည့်မယ့် သူမဟာ မွေးနေ့မတိုင်မီတစ်ရက် ဒီဇင်ဘာ ၂၂ ရက်မှာ ဆူနာမီကြောင့် သေဆုံးသွားခဲ့တာလည်း ဖြစ်ပါတယ်။
သူမရဲ့ ရုပ်အလောင်းကိုတော့ ခင်ပွန်းဖြစ်သူ အဆိုတော်ရီဖီအန်းက ယနေ့ (ဒီဇင်ဘာ ၂၅ ရက်) မှာ မြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။ "မင်းမရှိဘဲ ငါ ဘယ်လိုနေရမလဲ ဒိုင်လန်းဆာဟာရာရယ်" လို့ ရီဖီအန်းက သူ့ရဲ့ Instagram မှာ ရေးသားထားပါတယ်။ ဆူနာမီကြောင့် သေဆုံးခဲ့တဲ့ Seventeen တေးဂီတအဖွဲ့မှ အဖွဲ့ဝင်တွေရဲ့ ဈာပနကိုတော့ တနင်္လာနေ့ (ဒီဇင်ဘာ ၂၄ ရက်) မှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
(ဟာ့ဂျ်သွားရောက်ခဲ့စဉ်က ရီဖီအန်းတို့ ဇနီးမောင်နှံ) (Photo: ifanseventeen/Insgagram)
ဆူနာမီရေလှိုင်းများ တက်ရောက်ရိုက်ခတ်ခဲ့စဉ် Seventeen တေးဂီတအဖွဲ့ဟာ ဂျာဗားကျွန်းအနောက်ဘက်စွန်းရှိ Tanjung Lesung ကမ်းခြေမှာ သီဆိုဖျော်ဖြေနေခဲ့ကြပါတယ်။ Seventeen အဖွဲ့ သီဆိုဖျော်ဖြေနေစဉ် ဆူနာမီတက်ရောက်လာတဲ့ ဗီဒီယိုတစ်ခုလည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ရာ ဖျော်ဖြေရေးစင်မြင့် ပြိုကျသွားပြီး ပရိသတ်သတ်များ ကြောက်လန့်တကြားထွက်ပြေးရင်း လဲကျသွားခဲ့တာ တွေ့ရပါတယ်။
Seventeen တေးဂီတအဖွဲ့ကို ၁၉၉၉ ခုနှစ်မှာ အဖွဲ့ဝင်ငါးဦးဖြင့် စတင်တည်ထောင်ခဲ့ပြီး အင်ဒိုနီးရှားမှာ နာမည်ကြီးအဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။ Seventeen အဖွဲ့က တေးသီချင်းအယ်လ်ဘမ် ၂၁ ခု ထွက်ရှိထားခဲ့ပြီး Selalu Mengalah, Jaga Selalu Hatimu, Jalan Terbaik နဲ့ Ayah တို့ဟာ အအောင်မြင်ဆုံး အယ်လ်ဘမ်များ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
(Seventeen ဂီတအဖွဲ့ ဆူနာမီတက်ရောက်ခဲ့သည့် ကမ်းခြေမှာ ဖျော်ဖြေနေခဲ့စဉ်) (Photo: BBC)
ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက မီးတောင်ပေါက်ကွဲပြီးနောက် ပြင်းထန်တဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုကြောင့် ယနေ့ (ဒီဇင်ဘာ ၂၅ ရက်) အထိ စာရင်းတွေအရ ၄၂၉ ဦး သေဆုံးခဲ့ပြီး နောက်ထပ် လူ ၁၅၀ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Source: AFP, CNN, BBC