ဆူနာမီဖြစ်ပြီးနောက် အပျက်အစီးတွေအောက် ၁၂ နာရီကြာ ပိတ်မိခဲ့ပေမဲ့ သေကံမရောက်တဲ့ ငါးနှစ်သားလေး

အင်ဒိုနီးရှားနိုင်ငံ ဆန်ဒါရေလက်ကြားအနီး ကမ်းရိုးတန်းဒေသတွေမှာ ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက မီးတောင်ပေါက်ကွဲပြီးနောက် ပြင်းထန်တဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုအတွင်း သေကံမရောက်ခဲ့တဲ့ အသက်ငါးနှစ်အရွယ် ကလေးတစ်ဦးကို ရှာဖွေတွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

အဆိုပါ ကလေးငယ်ကို ဂျာဗားကျွန်းပေါ် ဘန်တန်းမြို့ငယ်လေးမှာ အပျက်အစီးများအောက်ရှိ ကားတစ်စီးအတွင်းကနေ တွေ့ရှိကယ်ဆယ်နိုင်ခဲ့ပါတယ်။ ငါးနှစ်သား ကလေးငယ်ဟာ ကားပျက်အတွင်းမှာ ၁၂ နာရီကြာ ပိတ်မိနေခဲ့ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့က ၎င်းကို တွေ့ရှိကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးသမားတွေက ကလေးငယ်ရဲ့ငိုသံကို ကြားရပြီးနောက် တွေ့ရှိကယ်ဆယ်နိုင်ခဲ့တယ်လို့ The Mirror သတင်းက ဖော်ပြပါတယ်။

Instagram မှာ @reezaherasbudi အမည်ရှိ အသုံးပြုသူက လွှင့်တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုအတွင်း ကယ်ဆယ်ရေးသမားတွေက ကားပျက်အတွင်းကနေ ကလေးငယ်ကို ဆွဲထုတ်ယူနေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ကလေးငယ်ကို တွေ့ရှိရတဲ့နေရာဟာ ကာရီတာကမ်းခြေရှိ Mutiara ဟိုတယ်ဖြစ်တယ်လို့ အဆိုပါ ဗီဒီယိုထဲမှာ ကယ်ဆယ်ရေးအရာရှိတစ်ဦးက ပြောထားပါတယ်။


"အပျက်အစီးတွေအောက်မှာ နောက်ထပ် လူနှစ်ယောက်ကိုလည်း ကျွန်တော်တို့ ရွှေ့ပြောင်းကယ်ဆယ်နိုင်ဖို့ ကြိုးစားနေပါတယ်၊ သူတို့ကို ဘေးကင်းစွာနဲ့ ရွှေ့ပြောင်းကယ်ဆယ်နိုင်အောင် ဆုတောင်းပေးကြပါ" လို့လည်း အဆိုပါအရာရှိက ပြောခဲ့ပါတယ်။ Instagram ဗီဒီယိုမှာ စာညွှန်းရေးသားထားမှုအရ ကားပျက်အတွင်းကနေ ကယ်ဆယ်နိုင်ခဲ့တဲ့ ကလေးရဲ့အမည်ဟာ အလီဖြစ်တယ်လို့ သိရပါတယ်။

အဆောက်အအုံ အပျက်အစီးများ ကားပေါ်ကိုကျလာခဲ့ပြီးနောက် အလီဟာ ကားထဲမှာပိတ်မိနေခဲ့တယ်လို့ ဆိုပါတယ်။ သေကံမရောက်ခဲ့တဲ့ ငါးနှစ်သားလေး အလီဟာ ပွန်းပဲ့ရာအနည်းငယ်မှလွဲပြီး အခြား ဒဏ်ရာမရခဲ့ပါဘူး။ Anak Krakatau မီးတောင်ပေါက်ကွဲရာမှဆူမာတြားကျွန်းတောင်ပိုင်းနဲ့ ဂျာဗားကျွန်းအနောက်ဘက်စွန်းရှိ ဆန်ဒါရေလက်ကြားအနီး ကမ်းရိုးတန်းဒေသတွေမှာ ဒီဇင်ဘာ ၂၂ ရက် ဒေသစံတော်ချိန် ည ၉ နာရီခွဲခန့်က ပြင်းထန်တဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ပါတယ်။

(Image: Screengrab from Instagram/@reezaherasbudi)

ဆူနာမီကြောင့် သေဆုံးသူ ၃၇၃ ဦးနဲ့ ဒဏ်ရာရသူ ၁,၄၉၅ ဦးရှိပြီး အခြား ၁၂၈ ဦး ပျောက်ဆုံးနေကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ဒီဇင်ဘာ ၂၄ ရက် နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်ထိ ဆူနာမီဖြစ်ပေါ်ခဲ့တဲ့ နေရာဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုကြောင့် ရာနဲ့ချီတဲ့ နေအိမ်များ၊ ဟိုတယ်များ၊ ဈေးဆိုင်များနဲ့ မော်တော်ယာဉ်များ ပျက်စီးခဲ့ပါတယ်။ Anak Krakatau မီးတောင်ဟာ လှုပ်ရှားမှုတွေ ဆက်ဖြစ်နေတာကြောင့် ဆူနာမီရေလှိုင်းများ ထပ်မံ တက်ရောက်လာမယ့် အန္တရာယ်ကို ဒေသခံတွေကြား စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။ CNA သတင်းတစ်ရပ်မှာ ဖော်ပြထားမှုအရ ပင်လယ်ပြင်မှာထားရှိတဲ့ အင်ဒိုနီးရှားရဲ့ ဆူနာမီသတိပေးစနစ်ဟာ ၂၀၁၂ ခုနှစ်ကတည်းက အလုပ်မလုပ်တော့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က