၂၀၁၉ခုနှစ်က အနုပညာကြယ်ပွင့်တွေ တော်တော်များများကြွေလွင့်ခဲ့တဲ့ နှစ်တစ်နှစ်ပါ။ မထင်မှတ်ဘဲ ရုတ်တရက်ဆုံးပါသွားတဲ့ အနုပညာရှင်တွေရှိသလို အချိန်အတော်ကြာဆေးကုသမှု ခံယူနေရင်းနဲ့ ဆုံးပါးသွားခဲ့တဲ့ သူတွေလည်းရှိပါတယ်။
ဒီနှစ်ထဲမှာ အနုပညာလောကကြီးနဲ့ ချစ်တဲ့မိသားစု၊ ပရိသတ်တွေကို မစွန့်ခွာချင်ဘဲ စွန့်ခွာသွားခဲ့ရတဲ့ အနုပညာရှင်တွေ ရှိလို့နေခဲ့ပါတယ်။ သူတို့တွေဟာ ဇာတ်ပို့ဇာတ်ရံဘဝနဲ့ သူတို့ချစ်တဲ့ အနုပညာလောကကြီး အတွက် ပေးဆပ်ခဲ့တဲ့ သူတွေပါ။ အဲဒီလူတွေက ဇာတ်ပို့ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းစိန်၊ ကင်းကောင်း၊ အောင်ဇော်နဲ့ ကစ်ကစ်တို့ ဖြစ်ပါတယ်။
သရုပ်ဆောင် မင်းစိန်
အနုပညာသက်တမ်း နှစ်(၃၅)နှစ်ကျော် သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့တဲ့ သရုပ်ဆောင် မင်းစိန်ဟာ ပရိသတ်တွေရဲ့ အမုန်းနဲ့ လူသိခဲ့တဲ့ သူတစ်ဦးဆိုလည်း မမှားပါဘူး။ ဇာတ်ကားတွေထဲမှာ လူလိမ်၊ လူကြမ်း၊ လူယုတ်မာ ကာရိုက်တာတွေကို အများဆုံး ရိုက်ကူးခဲ့ရသူတစ်ဦး ဖြစ်ပြီး အဲဒီကာရိုက်တာနဲ့ပဲ လူသိခဲ့သူ တစ်ဦးပါ။
ဇာတ်ကားရိုက်ကူးမှုတွေကြဲသွားတဲ့နောက်ပိုင်းမှာ သူဟာ ရေသန့်ဘူးပို့ရင်း မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။ အချိန်အတော်ကြာ ရင်ကြပ် ရောဂါကို ခံစားနေရတဲ့ မင်းစိန်ဟာ ဆေးကုသမှု ခံယူနေခဲ့ရင်း ဇန်နဝါရီ(၅) ရက်နေ့ မနက်အစောပိုင်းမှာ ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့တာပါ။ ဈာပနအခမ်းအနားကို ဇန်နဝါရီ(၇) ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး သူ့ကိုချစ်ကြတဲ့ အနုပညာရှင်တွေ၊ မိသားစုတွေနဲ့ သူ့ရဲ့ တပည့်ရင်း ရဲကိုကိုကိုယ်တိုင် နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးခဲ့တာ တွေ့ရပါတယ်။ လူကြမ်းတစ်ယောက်ရဲ့ နောက်ဆုံးဘဝနိ ဂုံးကတော့ မလှပနိုင်ခဲ့ပါဘူး။ မင်းစိန်ဟာ အသက်(၅၇)နှစ်အရွယ်နဲ့ သူချစ်တဲ့လောကကြီးထဲကနေ ထွက်ခွာသွားခဲ့ရတာပါ။
ဟာသသရုပ်ဆောင် ကင်းကောင်
လူတွေကို အမြဲတမ်း ပျော်ရွှင်အောင် လုပ်ပေးတတ်တဲ့ ဟာသရုပ်ဆောင်တစ်ဦးဖြစ်သလို လူရွှင်တော် တစ်ယောက်လည်း ဖြစ်ပါတယ်။ သရဲငါးကောင်းအဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ကင်းကောင်းဟာ သဘောကောင်းလွန်းတာကြောင့် အနုပညာလောကသားအချင်းချင်းရဲ့ ချစ်ခင်မှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။
သရုပ်ဆောင် ကင်းကောင်က ပုပ္ပါးမှာ ဇာတ်ကား ရိုက်ကူးရင်း ရုတ်တရက် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ပုပ္ပါးရဲ့အအေးဒဏ်ကြောင့် ၂၀၁၉ခုနှစ်၊ဇန်နဝါရီ(၂၂)ရက်နေ့ နံနက်(၆) နာရီက ဇနီးနဲ့သားရဲ့ ရှေ့မှောက်မှာတင် ဆုံးပါးသွားခဲ့တာပါ။ ကင်းကောင်းရဲ့ နာရေးသတင်းဟာ သူ့ကိုချစ်တဲ့အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးနဲ့ ပရိသတ်တွေအားလုံး စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ကြရတဲ့ သတင်းတစ်ခုပါ။ ကင်းကောင်ဆုံးပါးသွားချိန်မှာ ဇနီးနဲ့သားက ရုပ်အလောင်းကို ပုပ္ပါးကနေ ရန်ကုန်ကို ပြန်လည်သယ်ယူလာခဲ့ပါတယ်။ ကင်းကောင်ရဲ့ နောက်ဆုံး ဈာပနအခမ်းအနားကို ဇန်နဝါရီ(၂၄) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကာ သူကို ချစ်တဲ့ အနုပညာရှင်တွေအားလုံး လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။
သရုပ်ဆောင် အောင်ဇော်
ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်ဟာ သရုပ်ဆောင် စူးရှရဲ့ ဖခင်ဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့အောင်ဇော်ဟာ ကျန်းကျန်းမာမာနဲ့ အနုပညာအလုပ်တွေကို အားတက်သရော လုပ်ကိုင်နေသူတစ်ဦးပါ။ ဒါပေမယ့်လည်း သူချစ်တဲ့ မိသားစုနဲ့ ချစ်တဲ့လောကကြီးတစ်ခုလုံးကို ဇူလိုင်(၂၁)ရက်နေ့ ည(၈)နာရီဝန်းကျင်က စွန့်လွှတ်သွားခဲ့ပါတယ်။ သားဖြစ်သူရဲ့ ရှေ့မှာတင် ရုတ်တရက် ဆိုသလို လဲကျသွားပြီး ဦးနှောက်သွေးကြောပြတ်ကာ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ မဆုံးခင် အချိန်မှာတောင် သူရဲ့ အချစ်ရဆုံး သူငယ်ချင်း ဝေဠုကျော်နဲ့ ဖုန်းတွေပြောပြီး တွေ့ဆုံဖို့အတွက် ချိန်းဆိုနေခဲ့ပါသေးတယ်။ ဝေဠုကျော်တစ်ယောက်လည်း သူငယ်ချင်းဖြစ်သူရဲ့ သတင်းကို ကြားကြားချင်း မယုံနိုင်အောင်ြ ဖစ်ခဲ့ရပါသေးတယ်။ အောင်ဇော်ရဲ့ နာရေးကိုလည်း ဝေဠုကျော်ကိုယ်တိုင် အစအဆုံးလိုက်ပါ ဆောင်ရွက်ပေးခဲ့ပြီး အောင်ဇော်ရိုက်ကူးဖို့ ကျန်ရှိနေတဲ့ ဇာတ်ကားကိုလည်း ဝေဠုကျော်က ဆက်လက်ရိုက်ကူးပေးခဲ့ပါသေးတယ်။ ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်ကိုတော့ မန္တလေး ကြာနီကန် သုသန်မှာ ဇူလိုင်(၂၃)ရက်နေ့ က ဂူသွင်းသဂြိုလ်ခဲ့တာဖြစ်ပါတယ်။သူရဲ့နောက်ဆုံးခရီးမှာတော့ သူကိုချစ်တဲ့ အနုပညာမောင်နှမတွေ လိုက်မပို့နိုင်ခဲ့ကြပါဘူး။
ဟာသရုပ်ဆောင် ကစ်ကစ်
လူတွေကိုပျော်ရွှင်အောင် လုပ်တတ်တဲ့ ဟာသမယ် ကစ်ကစ်ဟာ ရောဂါဝေဒနာများကို အချိန်တော်တော်ကြာကြာ ခံစားနေရသူတစ်ဦးပါ။ ဆီးချိုရောဂါကိုခံစား နေရသလို ကျောက်ကပ်က ပါမကောင်းလို့ အချိန်အတော်ကြာ ဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။ သရုပ်ဆောင် ခင်သဇင်ဦးဆောင် ပြီးသူမရဲ့ ကျန်းမာရေးအတွက် အလှူရှင်တွေအားနဲ့ အားလုံးကြိုးစားခဲ့ပေမယ့် နိုဝင်ဘာ(၂၆) နံနက်ပိုင်းမှာတော့ သူမရဲ့ အသက်ကို မကယ်လိုက်နိုင်ခဲ့ပါဘူး။ကစ်ကစ်ဆုံးပြီဆိုတဲ့ သတင်းတွေ မကြာခဏ ဆိုသလို ထွက်ရှိခဲ့ပေမယ့်လည်း သတင်းအမှန်တွေ မဟုတ်တာကြောင့်ပရိသတ်တွေ ဝမ်းသာခဲ့ရပါတယ်။ နိုဝင်ဘာ(၂၆) ရက်နေ့မှာလည်း ကစ်ကစ်ဆုံးပြီဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ကာ အရင်လို ကောလာဟလသဖြစ်ဖို့ အားလုံးဆုတောင်းနေကြပေမယ့် ဒီတစ်ခါတော့ ဆုတောင်းမပြည့်ခဲ့ကြပါဘူး။ ကစ်ကစ်ရဲ့ စျာပနကိုတော့ နိုဝင်ဘာ(၂၈) ရက်နေ့က ပြုလုပ်ခဲ့ပြီး သူမကိုချစ်တဲ့ ဇာတ်ပို့သရုပ်ဆောင်တွေ တော်တော်များများ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြတာ တွေ့ရပါတယ်။ ကစ်ကစ်ဟာ အသက် ၄၈ နှစ်အရွယ်မှာ အားလုံးကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။