In partnership with  logo
ဒီ ၂၀၁၉ ခုနှစ်ဟာ အမျိုးသမီး ထူးချွန်သူတွေ အများကြီးပေါ်ထွန်းခဲ့တဲ့ နှစ်တစ်နှစ်လို့ သုံးသပ်မိပါတယ်။ ဒါ့ကြောင့် ၂၀၁၉ ခုနှစ်အတွင်း လူထုကြားရေပန်းစားကျော်ကြားခဲ့တဲ့ ထူးချွန်သူအမျိုးသမီးတွေကို ဖော်ပြပေးချင်ပါတယ်။

မကြာခင်မှာ နှစ်သစ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ နှစ်သစ်ကို မရောက်ရှိခင် နှစ်ဟောင်းက ကိုယ့်ရဲ့ အားနည်းချက် ၊ အားသာချက်တွေကို ပြန်လည်ဆန်းစစ်သုံးသပ်ရင်း နှစ်သစ်ကို စတင်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ နှစ်သစ်ဟာ အပြစ်အနာအဆာပိုကင်းစင်သွားမှာ သေချာပါတယ်။ မဒီကလည်း အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး တစ်နှစ်တာကို ဆန်းစစ်ကြည့်တဲ့အခါမှာတော့ ဒီ ၂၀၁၉ ခုနှစ်ဟာ အမျိုးသမီး ထူးချွန်သူတွေ အများကြီးပေါ်ထွန်းခဲ့တဲ့ နှစ်တစ်နှစ်လို့ သုံးသပ်မိပါတယ်။ ဒါ့ကြောင့် ၂၀၁၉ ခုနှစ်အတွင်း လူထုကြားရေပန်းစားကျော်ကြားခဲ့တဲ့ ထူးချွန်သူအမျိုးသမီးတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ ဒေါက်တာအန်နာရွှေလွှမ်း (Dingdi Dream Organization နာယက)

ပထမဆုံးဖော်ပြပေးချင်တဲ့သူကတော့ ဒေါက်တာအန်နာရွှေလွှမ်း ပဲ ဖြစ်ပါတယ်။ Dingdi Dream Organization နာယကတစ်ယောက်ဖြစ်ပြီး ဒီ ၂၀၁၉ ခုနှစ်ရဲ့ လူထုအပေါ် လွှမ်းမိုးမှုအရှိဆုံးနဲ့ ထူးချွန်ထက်မြက်သူ အမျိုးသမီးတွေထဲက တစ်ဦး ဖြစ်ပါတယ်။ ချင်းလူမျိုးတို့ရဲ့ အရေးကိစ္စတွေကို ကူညီဆောင်ရွက်နေတဲ့အပြင် လူအများအားကျအတုယူရတဲ့ ထက်မြက်သူအမျိုးသမီးတစ်ဦးပါ။ ဇွန်လက ဒေါက်တာ အန်နာရွှေလွှမ်း ဦး‌ဆောင်တဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး ၁၂ ဦးတို့ဟာ ဂျာမဏီ ၊ ဆွစ်ဇာလန် နဲ့ အီတလီနိုင်ငံတွေကို သွားရောက်ပြီး ဥရောပစီးပွားရေးလုပ်ငန်းရှင်များနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ Myanmar Women Leaders program 2019 မှာတော့ ဒေါက်တာ အန်နာရွှေလွှမ်းရဲ့ အရည်အချင်းတွေကို အားလုံးက ချီးကျူးထောပနာပြုခဲ့ကြပါတယ်။ ဒေါက်တာ အန်နာရွှေလွှမ်းဟာ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူရဲ့ဇနီးလည်း ဖြစ်ပါတယ်။

၂။ ဒေါ်မိမိအောင် (နာဆာသိပ္ပံပညာရှင်)

နောက်ထပ်ဖော်ပြပေးချင်တဲ့သူကတော့ ဒေါ်မိမိအောင်ပဲ ဖြစ်ပါတယ်။ သူကတော့ ပါဆေးဒီးနားမြို့ နာဆာစခန်း Jet Propulsion Laboratory (JPL) က ပရောဂျက်မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ ၁၆နှစ်သမီးအရွယ်မှာ အမေရိကန်ပြည်ထောင်စုကို ပညာရေးအတွက် တစ်ယောက်တည်း ထွက်လာခဲ့တဲ့ အမျိုးသမီးဖြစ်ပြီး အာဘာနား ရှန်ပိန်း အီလီနှိူက်စ်တက္ကသိုလ်ကနေ လျှပ်စစ်အင်ဂျင်နီယာမဟာဘွဲ့ ကို ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်အတွင်းမှာ လူထုကြားရေပန်းစားလာတဲ့အချက်ကတော့ နာဆာရဲ့ ပရော့ဂျက်တစ်ခုဖြစ်တဲ့ တခြားဂြိုလ်တစ်ခုမှာ ပထမဆုံးပျံသန်းမယ့် ဟယ်ရီကော်ပတာတည်ဆောက်မယ့် တာဝန်ခံဟာ မြန်မာနိုင်ငံက အမျိုးသမီး မမိမိအောင် ဖြစ်နေတာက မြန်မာနိုင်ငံအတွင်းမှာ ဂုဏ်ယူစရာကိစ္စတစ်ခု ဖြစ်သွားပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်တွင်း မြန်မာပြည်မှာ လွှမ်းမိုးနိုင်ဆုံးထက်မြက်သူ အမျိုးသမီးဖြစ်ရုံတင်မကသေးပါဘူး။ ၂၀၁၉ အတွက် ကမ္ဘာတစ်ဝှမ်းက သြဇာ လွှမ်းမိုးမှုရှိတဲ့ အမျိုးသမီး ၁၀၀ ရဲ့ စာရင်းထဲမှာလည်း ပါဝင်သူတစ်ဦးဖြစ်ပါတယ်။ 

၃။ဒေါ်ဝါဝါထွန်း (ရခိုင်ပြည်နယ်ရဲ့ ပထမဆုံးအမျိုးသမီးတရားသူကြီးချုပ်)

နောက်တစ်ဦးကတော့ ရခိုင်ပြည်နယ်ရဲ့ ပထမဆုံး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်းပါ။ သူဟာ ရခိုင်ပြည်နယ်ရဲ့ ပထမဆုံးပြည်နယ်တရားလွှတ်တော်ချုပ်ဖြစ်ရုံတင်မကပါဘူး၊ မြန်မာနိုင်ငံမှာ နိုင်ငံတော်သမ္မတက ပထမဆုံးခန့်အပ်လိုက်တဲ့ အမျိုးသမီးတရားသူကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ဒီအချင်းအရာကပဲ သူ့ကို ၂၀၁၉ ခုနှစ်အတွင်းမှာ လူထုကြား သတိထားမိသွားစေပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်တရားလွှတ်တော်ဟာ တရားလွှတ်တော်၁၄ခုထဲ အမျိုးသမီးပထမဦးဆုံးတာဝန်ယူတဲ့ တရားလွှတ်တော်ဖြစ်သွားခြင်းက လူထုရဲ့ စိတ်ဝင်စားမှုကို ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

၄။ဒေါ်လှလှဝင်း ( Maker360 တည်ထောင်သူ)

နောက်တစ်ဦးကတော့ နည်းပညာပိုင်းကျွမ်းကျင်သူအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်လှလှဝင်းဖြစ်ပါတယ်။ သူကတော့ 360 ed Founder ဖြစ်ပြီး သင်ကြားရေးအထောက်အကူပြု ဓာတ်သင်ပုန်း Application ကုမ္ပဏီတည်ထောင်ထားသူ ဖြစ်ပါတယ်။ နည်းပညာလောကမှာ ထူးထူးခြားခြားအောင်မြင်သူဖြစ်တဲ့ သူ တည်ထောင်ထားတဲ့ အရာကတော့ အခြေခံကျောင်းသင်ရိုးညွှန်းတမ်း ဖတ်စာအုပ်တွေကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပြန်လည်ဆန်းသစ်ပြီး တီထွင်ထားတဲ့ ဓာတ်သင်ပုန်းပါ။ AR (Augmented Reality) နည်းပညာပါဝင်တဲ့ 3D ရုပ်လုံးကြွ ကျောင်းဖတ်စာအုပ်တွေကို ကျောင်းသားကျောင်းသူတွေ စိတ်ဝင်တစားရှိလာအောင် အသံတွေ လှုပ်ရှားမှုတွေကို ထည့်သွင်း ထားတဲ့ သင်ထောက်ကူပစ္စည်း App (Application) တစ်ခုဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်မှာ ယူနက်စကိုနဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Netex-plo ကပေးတဲ့ ကမ္ဘာ့အမြင့်ဆုံး ဒီဂျစ်တယ်တီထွင်ဖန်တီးမှုဆိုင်ရာ ထူးချွန်ဆုကိုရရှိခဲ့ပြီး ဒီနှစ် ၂၀၁၉ ခုနှစ်မှာတော့ World Economic Forum (ကမ္ဘာ့စီးပွားရေးဖိုရမ်) ကပေးတဲ့ Social Entrepreneur of the year award ဆုကို လက်ခံရရှိခဲ့တဲ့ ထူးချွန်ထက်မြက်သူ မြန်မာ့နည်းပညာရှင်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

၅။ခရစ္စတီးနားခီ (ဒါရိုက်တာ)

၂၀၁၉ ခုနှစ်အတွင်းမှာ လူထုကြားစိတ်ဝင်စားခံရဆုံး အကျော်ကြားလွှမ်းမိုးဆုံး အမျိုးသမီးထဲမှာ ဒါရိုက်တာ ခရစ္စတီးနားခီတစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကလည်း နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်တဲ့ "ကမ္ဘာ့အသိဉာဏ်ပစ္စည်း အဖွဲ့အစည်း"ကပေးတဲ့ “Woman in innovation and Creativity” ဆုကြီးကို လက်ခံရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ Star Awards ဆုပေးပွဲမှာ Best Director Awards ဆုကို ရရှိခဲ့ပါတယ်။ ဒီနှစ်အတွင်း သူ့ရဲ့ နာမည်အကြီးဆုံး ဖန်တီးလုပ်ဆောင်ချက်ကတော့ Now & Ever ရုပ်ရှင်လို့ ပြောရင်မမှားပါဘူး။ ရုပ်ရှင်ကားရဲ့ အနှစ်သာရတင်မက မူပိုင်ခွင့်နဲ့ အနုပညာအားထုတ်မှုတွေသာမကဘဲ နိုင်ငံတော်ကို သိန်း၁ထောင်ကျော် ဝင်ငွေခွန်ဆောင်မှုကလည်း အနုပညာလောကကိုသာမက လူတိုင်းကို လှုပ်ခတ်လိုက်နိုင်စွမ်းရှိတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ၂၀၁၉ ခုနှစ်အတွင်း စံချိန်တင်နိုင်ခဲ့ပါတယ်။

၆။ငြိမ်း (ကျောင်းဆရာမ)

နောက်ထပ်တစ်ဦးကတော့ ကျောင်းဆရာမလေး ငြိမ်းပါ။ မသန်ပေမယ့် စွမ်းလှတဲ့ မသန်စွမ်းကျောင်းဆရာမလေးအဖြစ် ၂၀၁၉ ခုနှစ်အတွင်း ထူးချွန်သူအမျိုးသမီးစာရင်းဝင်ခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်မှုတွေကို နိုင်ငံတော်အကြီးအကဲက စပြီး ဌာနဆိုင်ရာတွေကပါ ဂုဏ်ပြုချီးမြှင့်ခဲ့ကြပြီး အသိအမှတ်ပြုရသည်အထိ ဂုဏ်သတင်းမွှေးသူပါ။ ၂၀၁၈ခုနှစ် ကမ္ဘာ့ဆရာများနေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာများအဖွဲ့ချုပ် က ချီးမြှင့်တဲ့ မီးအိမ်ရှင် ဆု၊ ၂၀၁၉ ဧပြီ ၂၉ ရက်နေ့မှာ ပြည်သူ့ဂုဏ်ရည် အသင်းချုပ်က ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်အထူးဆု နဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃ရက် မြန်မာအမျိုးသမီးများနေ့မှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ချီးမြှင့်တဲ့ မသန်စွမ်း အမျိုးသမီး ထူးချွန်ဆုတို့ကို ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပခုက္ကူမြို့နယ် အရှေ့သီရိရွာ က စေတနာ့ဝန်ထမ်းဆရာမ ဒေါ်အိအိညိမ်းဖြစ်ပါတယ်။ မွေးရာပါ ညာဘက် ခြေလက် မသန်စွမ်းတဲ့ သူတစ်ဦးပါ။ မသန်ပေမယ့် ကိုယ့်ရဲ့ ဝါသနာကို ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သူ့ရဲ့ ဇွဲ လုံ့လနဲ့ ကြိုးစားအားထုတ်မှုတွေကတော့ အံ့မခမ်းပါပဲ။

၇။ဟန်နီမြဝင်း (ချိတ်ဆက်ကွန်ယက်တည်ထောင်သူ )



နောက်ဆုံးတစ်ယောက်ကတော့ နည်းပညာလောကထဲက ထူးချွန်သူအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဟန်နီမြဝင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ အသက် ၃၀ အောက် စွန့်ဦးတီထွင်ပညာရှင်လူငယ်များ စာရင်းထဲမှာ ထည့်သွင်းဖော်ပြထားတဲ့ မြန်မာမိန်းကလေးတယောက်ဖြစ်ပြီး ၂၀၁၉ ခုနှစ်ရဲ့ လူထုအပေါ် လွှမ်းမိုးမှုရှိတဲ့ ထူးချွန်ထက်မြက်သူတစ်ယောက်ပါ။ မြန်မာနိုင်ငံက လူငယ်တွေ အချိန်ပိုင်းအလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေနိုင်မယ့် "ချိတ်ဆက်"ဆိုတဲ့ ကွန်ယက်ကို တည်ထောင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုထိပ်သီး ဆွေးနွေးပွဲမှာ ASEAN Business Awards တစ်ခုဖြစ်တဲ့ Digitized MSME (နည်းပညာသုံး အသေးစားလုပ်ငန်း) ဆုအမျိုးအစားအတွက် မြန်မာနိုင်ငံ Country Winner အဖြစ် ချိတ်ဆက်ကနေ ရွေးချယ်ခံခဲ့တာပဲ ဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ မြန်မာအမျိုးသမီးတွေကတော့ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့အလယ်မှာ ထူးချွန်ထက်မြက်မှုစွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့ အံ့အားသင့်ဖွယ် မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်တွေပဲ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က