၂၀၁၉ ခုနှစ်အတွင်း ထူးထူးခြားခြား ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ပြန်လည်ကြည့်ရှု အမှတ်ရနိုင်စေဖို့ ထူးခြားသတင်းတွေကို Duwun က စုစည်း ဖော်ပြပေးလိုက်ပါတယ်။
၁။ အကျဉ်းသားအမြောက်အမြား လွှတ်ပေးခဲ့တဲ့ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်
ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦး လွတ်မြောက်လာစဥ် (Photo - Reuters)
မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက်နေ့စပြီး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးခဲ့ပါတယ်။ စုစုပေါင်း လွတ်ငြိမ်းချမ်းသာခွင့် (၃)ကြိမ် ပေးခဲ့ပြီး အကျဉ်းသား (၂၃,၀၀၃)ဦး လွတ်မြောက်ခွင့် ရရှိခဲ့ပါတယ်။ လွတ်မြောက်သွားသူတွေထဲမှာ နိုင်ငံတော် လျှို့ဝှက်အက် ဥပဒေနဲ့ ထောင် ၇ နှစ်ကျခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦး ပါဝင်ခဲ့သလို မူးယစ်ဆေးရောင်းချမှု၊ သုံးစွဲမှုတို့နဲ့ ထောင်ဒဏ် ၁၇ နှစ် ကျခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်လည်း လွတ်မြောက်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်က တရားမျှတမှုမရှိဘူးဟုဆိုကာ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်တချို့မှာ ဆူပူမှုများစွာ ဖြစ်ပေါ်ခဲ့ပါသေးတယ်။
၂။ ရေခဲတောင်ခရီးစဉ်မှာ သေဆုံးခဲ့တဲ့ မစိမ့်ထက်
ရေခဲတောင်ခရီးစဥ် ထွက်ခဲ့တဲ့ မစိမ့်ထက် (Photo – Thiri Linn)
ဧပြီလအတွင်းက The Summiter တောင်တက်အဖွဲ့နဲ့အတူ ကချင်ပြည်နယ် ဖန်ဂန်ရာဇီ ရေခဲတောင်ခရီးစဉ်မှာ ခြေချော်ပြီး မတော်တဆပြုတ်ကျသေဆုံးခဲ့တဲ့ မစိမ့်ထက်ရဲ့အလောင်းကို အတူသွားတဲ့ အဖွဲ့က မရှာဖွေဘဲ ထားရှိခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေနဲ့အတူ အလောင်းမတွေ့သေးသည့်ကာလတစ်လျှောက်လုံး ဒီသတင်းဟာ လူမှုကွန်ရက်မှာ နေရာယူထားခဲ့ပါတယ်။ မိသားစုရဲ့ကြိုးစားဆောင်ရွက်မှုကြောင့် မေလ(၂၄)ရက်နေ့မှ အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။
၃။ MNA လေယာဉ်စက်ချို့ယွင်းမှုနဲ့ လေယာဉ်မှူးချီးကျူးခံရခြင်း
လေယာဥ်မှူးနဲ့ လေယာဥ်အမှုထမ်းများအတွက် မေလ ၁၉ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ဂုဏ်ပြုပွဲ ပြုလုပ်စဥ်
မေလ ၁၂ ရက်နေ့က ရန်ကုန်ကနေ မန္တလေးကို ထွက်ခွာလာတဲ့ MNA လေယာဉ်တစ်စင်းဟာ မန္တလေးလေဆိပ်မှာ ဆင်းသက်ရာမှာ ရှေ့ဘီးချမရဖြစ်ခဲ့တာဖြစ်ပြီး လေယာဉ်မှူးရဲ့ကျွမ်းကျင်မှုကြောင့် လေယာဉ်ပေါ်လာတဲ့ ခရီးသည်(၈၂)ဦးနဲ့ လေယာဉ်အမှုထမ်း(၇)ဦးတို့ အသက်ဘေးမှ လွတ်မြောက်ခဲ့ရပါတယ်။ အခုလို စွမ်းဆောင်နိုင်မှုကြောင့် တစ်နိုင်ငံလုံးက ချီးကျူးခဲ့ကြသလို လေယာဉ်အမှုထမ်းတွေကို ချီးကျူးဂုဏ်ပြုပွဲတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။
၄။ H1N1နဲ့ ဆင်တုပ်ကွေး
H1N1 ကြောင့် သေဆုံးသွားသူတစ်ဦးကို သယ်ဆောင်လာစဥ် (Photo - နာေရေးကူညီမှုအသင်း)
၂၀၁၉ မှာ ရာသီတုပ်ကွေးရောဂါ H1N1 ကလည်း လူတွေရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသလို အခြားတုပ်ကွေးနဲ့မတူဘဲ နာကျင်ခံစားရမှု မြင့်မားလှတဲ့ ဆင်တုပ်ကွေးကလည်း မြန်မာလူထုတစ်ရပ်လုံးကို ကြောက်ရွံ့စေခဲ့ပါတယ်။ ဆင်တုပ်ကွေးက တုပ်ကွေးဖြစ်ချိန်မှာလည်း ဝေဒနာခံစားရတဲ့အပြင် အဆိုးဆုံးက အဖျားပျောက်သွားတာတောင် နောက်ထပ် နှစ်လ သုံးလလောက်အထိ နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရတာပါပဲ။ H1N1 ကြောင့်၂၀၁၉ခုနှစ်အတွင်း တစ်နိုင်ငံလုံးမှာ လူဦးရေ (၁၂၃)ဦးသေဆုံးခဲ့ပါတယ်။ ဆင်တုပ်ကွေးကတော့ သာမန်ရာသီတုပ်ကွေးရောဂါတစ်ခုသာဖြစ်တဲ့အတွက် သေဆုံးသူ မရှိခဲ့ပါဘူး။
၅။ အလုပ်မှာ နှိမ့်ချခံရမှုကြောင့် MIU စာကြည့်တိုက်မှူး သေကြောင်းကြံစည်မှု
မောင်ကျော်ဇင်ဝင်းရဲ့ စျာပနအခမ်းအနား
ပြည်သူလူထုကြားမှာ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုကတော့ လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာနိမ့်ချဆက်ဆံခံရပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တဲ့ MIU မှ စာကြည့်တိုက်မှူး မောင်ကျော်ဇင်ဝင်းရဲ့ဖြစ်ရပ်ပါ။ မောင်ကျော်ဇင်ဝင်းဟာ လိင်ပိုင်းဆိုင်ရာကွဲပြားမှုနဲ့ ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက်တွေက ခွဲခြားနှိမ့်ချဆက်ဆံခဲ့ကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားတင်ခဲ့ပြီးတော့ ဇွန်လ (၂၄)ရက်နေ့က ဆေးသောက်ပြီး သတ်သေခဲ့တာဖြစ်ပါတယ်။ မောင်ကျော်ဇင်ဝင်းသေဆုံးမှုနဲပတ်သက်ပြီး ပြည်သူလူထုကြားမှာ စိတ်မကောင်းဖြစ်ခဲ့ကြရသလို LGBT အရေးလှုပ်ရှားမှုအဖွဲ့တွေကလည်း မောင်ကျော်ဇင်ဝင်းအတွက် ဆုတောင်းပွဲတွေပြုလုပ်ပေးခဲ့ကြပါတယ်။
၆။ မြို့ကြီးအချို့မှာ ပေါ်ထွက်လာတဲ့ Food Box
မန္တလေးကျုံးအရှေ့ဘက်ရှိ Food Box မှာ လာရောက်လှူဒါန်းသူများကို တွေ့ရစဥ်
လိုအပ်နေတဲ့ သူတွေအတွက် အထောက်အပံ့ဖြစ်အောင်ဆိုပြီး ဇွန်လလောက်ကစပြီး Food Box ကို မန္တလေးမြို့မှာစတင်ဆောင်ရွက်ခဲ့ရာကစလို့ တခြားမြို့တွေမှာလည်း Food Boxတွေကို ထားရှိခဲ့ကြပါတယ်။ Food Box ဆိုတာ အဆင်မပြေတဲ့သူတွေ၊ ခရီးသွားရင်း အခက်အခဲဖြစ်သူတွေ တကယ်လိုအပ်ချိန်မှာ အသုံးပြုနိုင်ဖို့ ထားရှိတဲ့အရာပါ။ မြန်မာနိုင်ငံမှာတော့ အဲဒီအချိန်က အနယ်နယ်အရပ်ရပ်မှာ သဒ္ဓါတရားထက်သန်သူတွေက Food Boxတွေ ထားရှိပေးပြီး လိုအပ်သူတွေရှိသလို လူအများစုကတော့ အပျော်သဘောမျိုး ယူဆောင်ခဲ့ကြတာပါ။ အဲဒီနောက် အစားအသောက်အလုအယက်ယူနေတဲ့ ပုံရိပ်တွေက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ကာ ဝေဖန်မှုတွေနဲ့ ဝေဖန်ခံရသူရဲ့ဝမ်းနည်းစကားသံတွေ ထွက်ပေါ်လာပြီးနောက် Food Box ခေတ်စားမှုက တစ်ခန်းရပ်သွားခဲ့ပါတယ်။
၇။ လူ ၁၀၀ ကျော် သေဆုံးခဲ့တဲ့ သဲဖြူတောင်ပြိုကျမှု
ယခုနှစ်မိုးတွင်းကာလဟာ မွန်ပြည်နယ်အတွက် အဆိုးရွားဆုံးနှစ်တစ်နှစ်လို့ဆိုရမလိုပါပဲ။ မွန်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့သလို ပြည်သူအားလုံးအတွက် စိတ်မကောင်းစရာအဖြစ်အပျက်တစ်ခုက လူ(၁၀၀)ကျော်သေဆုံးခဲ့တဲ့ မုတ္တမမြို့ ၊ သဲဖြူတောင် ပြိုကျမှု ဖြစ်စဉ်ဖြစ်ပါတယ်။ ရေကြီးလို့ ဖြတ်သန်းမရဘဲ ရပ်ထားတဲ့ ခရီးသွားကားတွေနဲ့ အိမ်တွေပေါ်ကို တောင်ပြိုကျခဲ့တာပါ။ ဇွန်လပိုင်းကဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်မှာ စိတ်မကောင်းစရာမြင်ကွင်းတွေလည်း မြင်တွေ့ခဲ့ရပါတယ်။ ဖြစ်ပွားတဲ့ နေ့ကစလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို (၁၀)ရက်ကျော်ကြာလုပ်ဆောင်ခဲ့ရပြီး တစ်ရက်ထက်တစ်ရက် သေဆုံးသူမြင့်တက်လာခဲ့သလို နောက်ဆုံးမှာ လူဦးရေ (၁၀၀)ကျော်အထိ သေဆုံးခဲ့ပါတယ်။
၈။ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရတဲ့ ပုဂံ
အဇာဘိုင်ဂျန်ကနေ ပြန်လာတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုနေကြသူများ
မြန်မာနိုင်ငံရဲ့ ပုဂံဒေသကို ၂၀၁၉ခုနှစ်က ဇူလိုင်လအတွင်းမှာ UNESCO World Heritage ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ ပုဂံဒေသဟာ ဗိဿနိုးနဲ့ သရေခေတ္တရာမြို့ဟောင်းပြီးနောက် မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်သတ်မှတ်ခံရတာလည်းဖြစ်ပါတယ်။ ပုဂံဟာ ယူနက်စကိုစာရင်းဝင်ပြီးနောက်မှာတော့ နိုင်ငံခြားသွားခရီးသွားဧည့်သည်တွေကော၊ ပြည်တွင်းခရီးသွားဧည့်သည်တွေပါ တိုးတက်လာပါတယ်။
၉။ သေဒဏ်ချမှတ်ခံထားရတဲ့ ဝင်းနဲ့ဇော်
.ထိုင်းနိုင်ငံမှာ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ ဝင်းနဲ့ဇော်ကို ထိုင်းနိုင်ငံက သေဒဏ်ချမှတ်ထားပါတယ်။ ဒီအမှုကို ဝင်းနဲ့ ဇော် သကျူးလွန်တာမဟုတ်ဘူးလို့ ပြည်ပမီဒီယာာအချို့မှာ ဖော်ြပတာကိုလည် ြမြန်မာပညာ်သူ အများအပြားကလည်း အဲဒီအတိုင်း ယုံကြည်ထးကြပါတယ်။
သူတို့ကို ပြစ်ဒဏ်လျော့ပေါ့ပေးဖို့အတွက် မြန်မာပြည်သူလူထုက တောင်းဆိုပွဲတွေပြုလုပ်ခဲ့ပြီး ထိုင်းဘုရင်မင်းမြတ်ထံကိုလည်း အသနားခံစာ တင်ထားပါတယ်။
ထိုင်းဘုရင်က သနားငဲ့ညှာပေးမှ သူတို့နှစ်ဦးဟာ သေဒဏ်က လွတ်မြောက်ပြီး တစ်သက်တစ်ကျွန်း သို့မဟုတ် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရဖို့ရှိပါတယ်။
၁၀။ ယူနီ-ဇော်ဂျီ
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး လူမှုကွန်ရက်မှာ မြန်မာစာကို ယူနီကုပ်စံစနစ်နဲ့ ပြောင်းလဲအသုံးပြုရမယ်ဆိုတဲ့ သတင်းဟာ ဇော်ဂျီဖောင့်နဲ့ ကျင့်သားရနေတဲ့ မြန်မာလူထုတစ်ရပ်လုံးအတွက် အပြောင်းအလဲကြီးတစ်ခုဖြစ်ပြီး အဆင်မပြေမှုတွေလည်း ကြုံခဲ့ရတဲ့အတွက် ယူနီကုပ်စံစနစ်က ဆိုရှယ်မီဒီယာတစ်ခုလုံးကို ကိုင်လှုပ်ခဲ့တဲ့အရာတစ်ခုလို့ ဆိုရမှာပါ။
စတင်ပြောင်းလဲခဲ့စဉ်က ယူနီကုဒ်ပြောင်းလဲသုံးစွဲဖို့အတွက် ခဲယဉ်းခဲ့ကြပေမယ့် အခုချိန်မှာတော့ ရုံးစာတွေနဲ့ ပြည်တွင်းသတင်းမီဒီယာတွေရဲ့Page တွေမှာပါ ယူနီကုဒ်ကိုသာ အသုံးပြုနေကြတာ တွေ့ရပါတယ်။ နှစ်အတန်ကြာ ဇော်ဂျီဖောင်နဲ့ ရင်းနှီးလာတဲ့ သုံးစွဲသူတွေ အနေနဲ့ ရာနှုန်းပြည့် ယူနီကုဒ်စံစနစ်ကို သုံးစွဲဖို့ အခက်တွ့နေဆဲ ဖြစ်ပြီး ဇော်ဂျီ-ယူနီ ပြဿနာက အချိန်အနည်းငယ်ထပ်ယူကာ ဖြေရှင်းရဖို့ ရှိနေပါတယ်။
၁၁။ ဦးထွန်းလွင်ကို နှုတ်ဆက်ရခြင်း
ပြည်သူတွေ စိတ်မကောင်ခြင်း ကြီးစွား ဖြစ်ခဲ့ရတာကတော့ မိုးလေဝသပညာရှင် ဆရာကြီး ဒေါက်တာဦးထွန်းလွင် ကွယ်လွန်ခဲ့ရခြင်းပါ။ ဆယ်စုနှစ်ပေါင်းများစွာ မိုးဇလနယ်ပယ်မှာ ဘဝကိုနှစ်မြှုပ်ခဲ့တဲ့ ဆရာကြီးဟာ နှလုံး၊ ဆီးချိူ၊ ကျောက်ကပ်ဝေဒနာကို ခံစားခဲ့ရပြီး ဆေးကုသမှုခံယူနေရင်း နိုဝင်ဘာလ(၄)ရက်နေ့ ညနေပိုင်းကပဲ ကွန်လွန်သွားခဲ့တာပါ။ ဆရာကြီးဟာ သူအသက်ရှင်ခဲ့စဉ်ကာလတစ်လျှောက်မှာ ပြည်သူတွေအတွက် မိုးလေဝသသတင်းတွေကို အဆက်မပြတ်ကြေညာပေးခဲ့သူလည်းဖြစ်ပြီး ဆရာကြီးရဲ့နောက်ဆုံးခရီးကိုလည်း မိသားစုနဲ့အတူ ချစ်ခင်ကြတဲ့ပရိသတ်များစွာက လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
၁၂။ တို့ဆေး ကောလာဟလတွေနဲ့ ကျားဖောင်မှာ ရောင်းစားခံရမှု
ဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦး ကျားဖောင်ပေါ် တို့ဆေးနဲ့လူကုန်ကူးခံခဲ့ရသတင်း ထွက်ပေါ်လာပြီးတဲ့နောက် ကျားဖောင်လုပ်ငန်းမှာ ညှင်းပန်းနှိပ်စက်ခံရမှုတွေအကြောင်း လူတွေ သိရှိလာရသလို တို့ဆေးနဲ့ ခေါ်ယူသွားခံရတယ်ဆိုတဲ့ ကောလာဟလတွေကလည်း လူထုကို ခြောက်လှန့်ခဲ့ပါတယ်။ ကျားဖောင်လုပ်ငန်းမှာ ညှင်းပန်းနှိပ်စက်ခဲ့ရသူတွေကလည်း သူတို့ရဲ့ဖြစ်ရပ်တွေကို မျှဝေလာကြပါတယ်။ တာဝန်ရှိသူတွေကလည်း ကျားဖောင်လုပ်ငန်းခွင်တွေကို ဝင်ရောင်စစ်ဆေးမှုတွေပါ ပြုလုပ်ခဲ့ရာမှာ (၂၀၁၉)ခုနှစ်အတွင်း ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းကြောင့် လူသတ်မှု(၅)မှု၊ ဓားခုတ်မှု(၃)မှု၊ ပင်လယ်ပြင်အတွင်း ကျန်းမာရေးမကောင်းလို့ သေဆုံးမှု (၃၃)မှု ၊ ကြိုးဆွဲချသေဆုံးမှု (၂)မှု၊ ရေထဲခုန်ကျပြီးပျောက်ဆုံးမှုက (၇၀)မှုထိ ရှိခဲ့ကြောင်းကို စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
၁၃။ ICJ၊ ဂျီနိုဆိုက်၊ ဂမ်ဘီယာနှင့် ဒေါ်အောင်ဆန်းစုကြည်
Photo - moi.gov.mm
နိုဝင်ဘာလအတွင်းမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုခဲ့ပြီးတဲ့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာလမှာ နယ်သာလန်နိုင်ငံ၊ သည်ဟေ့ဂ်ရှိ ICJ တရားရုံးကို သွားရောက်အမှုရင်ဆိုင်ခဲ့ပါတယ်။ နိုင်ငံတကာအလယ်မှာ ရဲရဲရင့်ရင့် တရားသွားရောက်ရင်ဆိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ရပ်အပေါ် နိုင်ငံတကာက အံ့သြခဲ့ရသလို မြန်မာနိုင္ငံမှာလည်း လူထုထောက်ခံပွဲတွေပြုလုပ်ကာ ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် အားပေးခဲ့ကြပါတယ်။ တရားစွဲဆိုမှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ICJ တရားရုံးမှာ ရှေ့နေတွေနဲ့အတူ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေကို တုံ့ပြန်ချေပခဲ့ပါတယ်။
၁၄။ ပြည်သူတွေ လမ်းပေါ်ထွက်ရတဲ့အထိ ဖြစ်လာတဲ့ ဗစ်တိုးရီးယားအမှု
ဗစ်တိုးရီးယားအမှုလို့ အမည်ဝှက်ပေးထားတဲ့ နေပြည်တော်သက်ငယ်မုဒိမ်းမှုဟာ စတင်ဖြစ်ပွားတဲ့ မေလကုန်ခါနီးကစလို့ ဒီဇင်ဘာလအထိ လူထုစိတ်ဝင်စားမှုအမြင့်ဆုံး ရရှိနေဆဲဖြစ်တဲ့ သတင်းပါပဲ။ မုဒိမ်းမှုဖြစ်စဉ်ကစလို့ တရားစွဲဆိုခံရတဲ့ အောင်ကြီးကိစ္စ၊ သက်သေများရဲ့ထွက်ဆိုမှုတွေအပါအဝင် လစဉ် အပြောင်းအလဲများနဲ့ လူထုကြားမှာ ဂယက်ထန်နေရတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။
ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ဖို့ အမှုစတင်ဖြစ်ပွားကတည်းက ဆန္ဒပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ပြည်သူအများစုက တရားခံလို့မထင်တဲ့ အောင်ကြီးကို ဒီဇင်ဘာလ ၁၈ ရက်မှာ တရားရုံးက လွှတ်ပေးလိုက်ပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့က အကြမ်းဖက်ခံခဲ့ရတဲ့ သမီးငယ်လေးနဲ့ မိသားစုရဲ့ နာမည်နဲ့အချက်အလက်တွေကို ဖော်ပြခဲ့တဲ့အခါမှာ ပြည်သူလူထုရဲ့မကျေနပ်မှုက အမြင့်ဆုံးကို ရောက်ရှိသွားပါတယ်။ ဒီကိစ္စက ၂၀၁၉ မှာ မပြီးပြတ်သေးဘဲ ၂၀၂၀ အတွင်းမှာလည်း လူထုတစ်ရပ်လုံး စိတ်ဝင်တစားပါဝင်နေဦးမယ့် အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။