တစ်နိုင်ငံလုံးမှာ လူကုန်ကူးမှု ၂၃၉ မှုရှိခဲ့

၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်း လူကုန်ကူးမှု ၂၃၉ မှု ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ အများဆုံး လူကုန်ကူးခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

လူကုန်ကူးမှု ဖမ်းဆီးမိခဲ့မှု အခြေအနေထုတ်ပြန်ချက်။ Photo- လူကုန်တား

တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှုမှာ (၁၉၆) မှု ရှိခဲ့တဲ့အနက် အဓမ္မလက်ထပ်မှု ၁၈၈ မှု၊ အဓမ္မစေခိုင်းမှု ၃ မှု၊ ပြည့်တန်ဆာမှု ၂ မှု၊ အဓမ္မမွေးစားမှု ၁ မှု၊ အဌားကိုယ်ဝန်ဆောင်မှု ၂ မူတို့ ရှိခဲ့တယ်လို့ လူကုန်ကူးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

တရုတ်နိုင်ငံသို့လူကုန်ကူးခံရပြီး အဓမ္မလက်ထပ်မှုတွေမှာ ကာယကံရှင် လူကုန်ကူးခံရသူ အမျိုးသမီးတွေကိုယ်တိုင် သဘောဆန္ဒ အရ လိုက်ပါသွားခဲ့တာဖြစ်ပြီး ဒါက ဥပဒေအရ သဘောတူလို့ မရဘူးလို့ ရန်ကုန်တိုင်းလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူး ခင်မောင်ကြွယ်က Duwun ကိုပြောပါတယ်။

“ တချို့ကျတော့ တရုတ်ယောက်ျားယူမယ်။ သိန်းဘယ်လောက်ရမယ်ပေ့ါနော်။ ဘယ်နှစ်လပေါင်းမယ် ပြီးရင် ပြန်လာလို့ရတယ်ပေါ့ ။ ပွဲစားတွေရဲ့ ပြောစကားကို ယုံပြီး သဘောတူလို့ လိုက်သွားတာရှိတယ်။ ဒါက ဥပဒေအရ သဘောတူလို့ မရဘူး။ ဒီလိုလူမျိုးတွေကို အသိပညာပေးရမယ်” လို့ ရန်ကုန်တိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲမှူးခင်မောင်ကြွယ်က Duwun ကိုပြောပါတယ်။

ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရမှုမှာ အဓမ္မစေခိုင်းမှု (၁) မှု ရှိခဲ့ပြီး မလေးရှားနိုင်ငံသို့ လူကုန်ကူးခံရမှုမှာ အဓမ္မစေခိုင်းမှု (၂) မှုရှိခဲ့တယ်လို့လည်း သိရပါတယ်။

ပြည်တွင်းမှာတော့ အမှုပေါင်း (၄၀) မှု ဖြစ်ခဲ့ပြီး အဓမ္မလက်ထပ်မှု (၁)မှု၊ အဓမ္မစေခိုင်းမှု (၂၄) မှု၊ ပြည့်တန်ဆာ (၁၅) မှု ရှိခဲ့တယ်လို့ လူကုန်ကူးမှုရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါလူကုန်ကူးဖြစ်စဉ်မှာ တရားခံ ၇၃၂ ဦးကို ဖမ်းဆီးခဲ့ပြီး အမျိုးသား ၂၂၇ ဦး၊ အမျိုးသမီး ၅၀၅ ဦးကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

လူကုန်ကူးခံရသူပေါင်း ၃၅၈ ဦးရှိခဲ့ပြီး အမျိုးသား ၆၁ ဦးနဲ့ အမျိုးသမီး ၂၉၇ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ တိုင်းဒေသကြီး၊ပြည်နယ်အလိုက် လူကုန်ကူးမှု ဖြစ်ပွားတဲ့အခြေအနေတွေမှာ ရန်ကုန်တိုင်းဒေသကြီး ၆၅ မှု၊ ရှမ်းပြည်နယ်မှာ ၆၅ မှု၊ မန္တလေးတိုင်းမှာ ၂၈ မှု၊ ဧရာဝတီတိုင်းမှာ ၂၈ မှု၊ ကချင်ပြည်နယ်မှာ ၂၅ မှု၊ ပဲခူးတိုင်းမှာ ၁၂ မှု၊ မွန်ပြည်နယ်မှာ ၄ မှု၊ စစ်ကိုင်းတိုင်းမှာ ၃ မှု၊ ကရင်ပြည်နယ်မှာ ၃ မှု၊ နေပြည်တော်မှာ ၂ မှု၊ တနင်္သာရီတိုင်းမှာ ၂ မှု၊ မကွေးတိုင်းမှာ ၁ မှုနဲ့ ချင်းပြည်နယ်မှာ ၁ မှု ဖြစ်ပွားခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ ဒီနှစ်ထဲမှာ ရန်ကုန်တိုင်းအတွင်း လူကုန်ကူးခံရမှု ဖမ်းဆီးမှုက ပိုများလာတယ်။ ဖျာပုံဘက်က ငါးဖမ်းလုပ်ငန်းတွေမှာ ရောင်းစားခံရမှု ၅ မှု၊ ၆ မှု လောက်တိုးလာတာပေ့ါ ” လို့ ရန်ကုန်တိုင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးခင်မောင်ကြွယ်က Duwun ကိုပြောပါတယ်။

ပတ်ဝန်းကျင်မှာ လူကုန်ကူးခံရမှု ဖြစ်ပွားတယ်လို့ သံယယရှိပါက Hot Line ဖုန်းနံပါတ် 09 49555666၊ 09 49555777၊ 09 49555888၊09 49555999 တို့ကို ဆက်သွယ်နိုင်တယ်လို့ လူကုန်ကူးရဲတပ်ဖွဲ့က ကြေညာထားပါတယ်။

Share

Loading Next Article...
က္က