ရန်ကုန်တိုင်းဒေသကြီးအတွင်းအဓိကသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းဖြစ်တဲ့ YBSယာဉ်လိုင်းများမှာ (၂၀၁၉)ခုနှစ်အတွင်း ယာဉ်စီးခတိုးကောက်ကြောင်း ပြည်သူတွေကတိုင်ကြားလာတဲ့ တိုင်ကြားမှု (၂၈)မှုရှိခဲ့တယ်လို့ သိရပါတယ်။
(၂၀၁၉)ခုနှစ်အတွင်း ယာဉ်စီးခတိုးကောက်ကြောင်းတိုင်ကြားမှု (၂၈)မှုလုံးကို အရေးယူဆောင်ရွက်ထားပြီး YRTA အနေနဲ့ YBSယာဉ်လိုင်းတွေနဲ့ ပတ်သက်လို့ စည်းကမ်းထိန်းသိမ်းမှု အပိုင်းတွေကိုလည်း လုပ်ဆောင်မှုရှိသလို ရှိနေတဲ့ပြစ်မှုအပိုင်းတွေကိုတော့ YRTAရဲ့ အားနည်းမှုအပိုင်းလို့ယူဆကာ ပြုပြင်သွားမယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။
“ ၂၀၁၉ခုနှစ်အတွင်းမှာ YBS ယာဉ်တွေကိုချလံဖြတ်ပြီး အရေးယူမှုက (၂၀၀၃)မှု၊ ပြည်သူတွေတိုင်ကြားမှုက (၁၈၄)မှုရှိတယ်။ တိုင်ကြားမှုထဲမှာမှ သတ်မှတ်ထားတဲ့ယာဉ်စီးခထက်ပိုပြီး တိုးကောက်ကြောင်းက (၂၈)မှုပါတယ်။ အရင်ကဆို တိုင်ကြားမှုက ပိုများတယ်၊ စစ်ဆေးအရေးယူမှုကနည်းတယ်။ အခုတော့ ကျွန်တော်တို့ရဲ့ စစ်ဆေးဖမ်းဆီးမှုကပိုများတယ်။ ပြည်သူတွေတိုင်ကြားသလို ယာဉ်တွေမှာတကယ်လည်းကျူးလွန်မှုတွေရှိနေပါသေးတယ်။ အခုနောက်ပိုင်း ကဒ်စနစ်နဲ့သွားရင်တောင် တိုင်ကြားမှုတွေလာဦးမှာ။ ကျွန်တော်တို့ဘက်ကတော့ တစ်နှစ်နဲ့တစ်နှစ် အားနည်းချက်တွေကိုသင်ခန်းစာယူပြီး ပိုကောင်းအောင်ကြိုးစားသွားမယ်” လို့ ဦးလှအောင်က ဒီကနေ့ပြုလုပ်တဲ့ YRTA သတင်းစာရှင်းလင်းပွဲမှာမီဒီယာတွေကိုပြောခဲ့ပါတယ်။
YBS ယာဉ်တွေမှာအများဆုံး စပယ်ယာတွေမပါတော့တာကြောင့် စပယ်ယာတွေပါရှိတဲ့ မီနီဘတ်ယာဉ်တွေမှာ ယာဉ်စီးခတိုးကောက်တာတွေဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဦးလှအောင်ကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း YBSယာဉ်လိုင်းများကို (၂၀၁၇)ခုနှစ် ဇန်နဝါရီလ(၁၆)ရက်နေ့က စတင်ပြေးဆွဲဆောင်ရွက်ခဲ့တာဖြစ်ပြီး ယခုဆို (၃)နှစ်ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ လက်ရှိမှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းနေ့စဉ်သွားလာလှုပ်ရှားနေတဲ့ ခရီးသည် ၁ဒသမ ၈သန်းလောက်ကို ကားအစီးရေ(၄၃၀၀)ကျော်နဲ့ပြေးဆွဲပြီး ဝန်ဆောင်မှုပေးလျှက်ရှိကြောင်းသိရပါတယ်။