၂၀၃၀ ခုနှစ်မှာ မည်သူမဆို ငွေကုန်ကြေးကျ မများဘဲ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လုံလုံလောက်လောက်ရနိုင်အောင်ဆောင်ရွက်မည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကတိကဝတ်ပြုထားပါတယ်။
ဒီဇင်ဘာ (၁၂) ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပနေတာပါ။
ကတိကဝတ်နဲ့အညီ အမျိုးသားအဆင့် ကျန်းမာရေးစောင့်ရှောက်မှု စီမံကိန်း (၂၀၁၇-၂၀၂၁) ကို ဆောင်ရွက်နေရာ အခုဆို (၃) နှစ်မြောက်ရှိနေပြီးလို့သိရပါတယ်။
တိုင်းနဲ့ ပြည်နယ် (၁၇) ခုအတွင်း သွားရောက်ဖို့ ခက်ခဲပြီး ဝေးလံတဲ့ဒေသတွေ၊ လူဦးရေထူထပ်ပြီး စောင့်ရှောက်မှု ပိုမိုလိုအပ်နေတဲ့ဒေသတွေကို ကနဦးစီမံချက်အနေနဲ့ လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။
“ ရန်ကုန်တိုင်းမှာဆိုရင် လှိုင်သာယာ၊တောင်ဒဂုံစတဲ့ မြို့နယ်တွေ ဒီနေရာတွေကို ဦးစားပေးလုပ်ရတာပေါ့။ လူတိုင်းလက်လှမ်းမီကျန်းမာရေးစောင့်ရှောက်မှုရဖို့ ဘယ်နှစ်ရာခိုင်နှုန်းလောက် အောင်မြင်နေပြီလဲ ဆိုတာကိုတော့ ပြောဖို့ခက်ပါတယ်။ ၂၀၃၀ မှာတော့ ရအောင်ဆောင်ရွက်မှာပါ” လို့ ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။
ကျန်းမာရေးအသိပညာပေးဆောင်ရွက်တဲ့နေရာမှာ ကျန်းမာရေးဝန်ထမ်းတွေက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာ အသိပညာပေးဆောင်ရွက်နေပေမယ့် လူတွေရဲ့ လိုက်နာမှုက အားနည်းနေသေးတယ်လို့ တောင်ဥက္ကလာပမြို့နယ်မှ ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်မာလာမြင့်က ပြောပါတယ်။
“ ကျန်းမာရေးပညာပေးတာကို သူတို့စိတ်ထဲက ဘယ်လိုထင်လဲဆိုတာ့ အလကားပေါ့။ အဲလိုထင်ကြတယ်။ လုံးဝကို စိတ်မဝင်စားတဲ့သူတွေလည်းရှိတယ်။ စိတ်ဝင်စားတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီလို အခက်အခဲလေးတွေ တော့ ရှိတာပေါ့”လို့ ဒေါ်မာလာမြင့်က ဆိုပါတယ်။
ဒီဇင်ဘာ ၁၂ ရက်မှာ ကျရောက်တဲ့ Universal Health Coverge Day (လူတိုင်းလက်လှမ်းမီ ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့) အခမ်းအနားကို မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် ကျင်းပခဲ့ပြီး နယ်ပယ်အသီးသီးကပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်