ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့တာပါ။

ကိုယ်ဝန်ဆောင်မိခင်များတွင် HIV ဖြစ်ပွားမှုနှုန်းက ၂၀၁၁ ခုနှစ်မှာ (ဝ.၈၄) ရာခိုင်နှုန်းရှိခဲ့ရာကနေ ၂၀၁၈ ခုနှစ်မှာ (ဝ.၅၇) ရာခိုင်နှုန်းအထိ တဖြည်းဖြည်းကျဆင်းလာနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

Photo- Ministry of Health and Sports, Myanmar (ဗဟိုအဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနား)

ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်မှာ မိခင်ကနေ ကလေးကို HIVပိုးကူးစက်မှု လုံးဝကင်းစင်ပပျောက်သွားတဲ့အထိ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီဇင်ဘာ ၁ ရက်က ရန်ကုန်မြို့၊ကျိုက္ကဆံအားကစားကွင်း ပြည်ထောင်စုခန်းမမှာ ကျင်းပတဲ့ ဗဟိုအဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားအတွင်း မိန့်ခွန်းပြောကြားရာမှာ ဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။

၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံးမှာ HIV ပိုး ကူးစက်ခံနေရသူ (၂၃၇,၀၀၀) ခန့်ရှိပြီး ရောဂါပိုးအသစ်ကူးစက်ခံရသူ ၇၀ ရာခိုင်နှုန်းဟာ မူးယစ်ဆေးထိုးသွင်းသူတွေ၊ အမျိုးသမီး လိင်လုပ်သားတွေနဲ့ အမျိုးသားချင်းလိင်တူဆက်ဆံသူတွေဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

HIV ရောဂါအသစ်ကူးစက်ခံရမှုဟာ ၂၀၀၀ ခုနှစ်တုန်းက ၂ သောင်း ၉ ထောင်ကျော်နဲ့ အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ၁ သောင်းကျော်အထိ ကျဆင်းလာခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စာရင်းတွေက ဆိုပါတယ်။

HIV ပိုးကူးစက်ဖြစ်ပွားမှုနဲ့ အန္တရာယ်ရှိတဲ့အပြုအမူကျင့်သုံးမှုအခြေအနေများ ပုံမှန်ဆန်းစစ်ခြင်း စစ်တမ်းအရ မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူပေါင်း (၉၃,၀၀၀) ခန့်ရှိပြီး အဆိုပါလူများတွင် HIV ဖြစ်ပွားမှုနှုန်း (၃၄.၉) ရာခိုင်နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကူးစက်ခံရမှု အများဆုံးဒေသမှာ ရန်ကုန်တိုင်း၊ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်အရ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ရောဂါဖြစ်ပွားသူ လူနာပေါင်း (၁၇၅၀၀၀) ကျော်ကို တစ်သက်တာသောက်ရမည့် ART ဆေးပေးနိုင်ခဲ့ကာ လူနာပေါင်း ၁ သိန်း ၃ သောင်းကျော်ကိုတော့ အစိုးရကျန်းမာရေးဌာနမှ ကုသပေးနေတယ်လို့ သိရပါတယ်။

ဝေးလဲခက်ခဲတဲ့ဒေသတွေက လူမျိုးစုတွေအပြင် မူးယစ်ဆေးထိုးသွင်းသူတွေ၊ အမျိုးသမီးလိင်လုပ်သားတွေ၊ အမျိုးသားချင်းလိင်တူဆက်ဆံသူတွေ၊ ထောင်တွင်းအကျဉ်းကျနေသူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေကို ကာကွယ်ရေးလုပ်ငန်းတွေ ပိုမိုဆောင်ရွက်ဖို့၊ HIV ပိုးကူးစက်ခံရသူတွေကို ART ဆေးဝါးရရှိအောင် ဆောင်ရွက်ပေးဖို့၊ လူနာတွေကို စဉ်ဆက်မပြတ် ကုသစောင့်ရှောက်ပေးဖို့နဲ့ ရောဂါပိုးရှိသူတွေ ခွဲခြားဆက်ဆံခြင်းတွေ လုံးဝပပျောက်ဖို့ အတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က