အမေရိကန်လေကြောင်းလိုင်း United Airlines ဝန်ထမ်း ၆၀၀ နီးပါးဟာ ကုမ္ပဏီရဲ့ COVID-19 ကာကွယ်ဆေးထိုးမှု အစီအစဥ်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိတာကြောင့် အလုပ်ထုတ်ခံရမယ့် အခြေအနေ ရင်ဆိုင်နေကြရပါတယ်။
လေကြောင်းလိုင်းရဲ့ အမေရိကန်ဝန်ထမ်း ၆၇,၀၀၀ အနက် အများစုဟာ ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထား တင်ပြခဲ့ကြပြီးလည်း ဖြစ်ပါတယ်။ United Airlines က အမေရိကန်ဝန်ထမ်းတွေကို တနင်္လာနေ့ (စက်တင်ဘာ ၂၇ ရက်) နောက်ဆုံးထားပြီး ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားပေးရန် ညွှန်ကြားထားခဲ့ပါတယ်။
"ဒါက တစ်ကယ့်ကို ခက်ခဲလှတဲ့ ဆုံးဖြတ်ချက်ပါပဲ" လို့ လေကြောင်းလိုင်းအကြီးအကဲတွေက ဆိုပါတယ်။ ချီကာဂိုအခြေစိုက် လေကြောင်းလိုင်းက COVID-19 နဲ့ ပတ်သက်ပြီး ဝန်ထမ်းတွေ လိုက်နာဆောင်ရွက်ရမယ့် လိုအပ်ချက်တွေကို ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်ဝန်ထမ်းတွေအနေနဲ့ ကာကွယ်ဆေး ပထမအကြိမ် သို့မဟုတ် နှစ်ကြိမ်လုံး ထိုးပြီးဖြစ်ကြောင်း အထောက်အထားကို တနင်္လာနေ့ နောက်ဆုံးထား ပေးပို့ရန်ညွှန်ကြားထားခဲ့ပါတယ်။
(Photo: Reuters)
United Airlines ရဲ့ အမေရိကန်အခြေစိုက် ဝန်ထမ်းတွေအနက် ၅၉၃ ဦးက COVID-19 ကာကွယ်ဆေးထိုးရန် ငြင်းပယ်ခဲ့ကြပြီး ဘာသာရေးအရ သို့မဟုတ် ဆေးဝါးဆိုင်ရာကိစ္စ အကြောင်းပြချက် မပေးခဲ့ကြရာ ၎င်းတို့ကို လေကြောင်းလိုင်းက အလုပ်ထုတ်ရန် စီစဥ်နေတယ်လို့ ဆိုပါတယ်။ နောက်ထပ် ဝန်ထမ်း ၂,၀၀၀ ကတော့ ကာကွယ်ဆေးမထိုးဘဲနေနိုင်တဲ့ ချွင်းချက်ကိစ္စများ တင်ပြထားကြပါတယ်။
ယခင်က ကာကွယ်ဆေးမထိုးတဲ့ ဝန်ထမ်းတွေကို အောက်တိုဘာ ၂ ရက်နေ့မှစပြီး လစာမဲ့ခွင့်ယူစေရန် လေကြောင်းလိုင်းက စီစဥ်ထားခဲ့ပေမဲ့ ဝန်ထမ်းခြောက်ဦးက ထိုအစီအစဥ်ကို လက်မခံနိုင်ကြောင်း အရေးဆိုခဲ့ကြရာ အကောင်အထည်ဖော်ရန် ဆိုင်းငံ့ထားခဲ့ရပါတယ်။ ၎င်းတို့ရဲ့ COVID-19 ကာကွယ်ဆေးမူဝါဒဟာ အနာဂတ်မှာ ဝန်ထမ်းသစ်ခန့်အပ်မှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ပြောဆိုမှုတွေကို United Airlines က ငြင်းဆိုခဲ့ပါတယ်။
လေယာဥ်မောင်/မယ် အလုပ်နေရာ ၂,၀၀၀ အသစ်ခန့်အပ်ရန် ခေါ်ယူခဲ့ရာ လျှောက်လွှာ ၂၀,၀၀၀ ကျော် လက်ခံရရှိခဲ့တယ်လို့ ယမန်နေ့ (စက်တင်ဘာ ၂၈ ရက်) မှာ လေကြောင်းလိုင်းက ပြောခဲ့ပါတယ်။COVID-19 ကပ်ရောဂါကြောင့် ခရီးသွားလာမှုတွေ ကမ္ဘာတစ်ဝန်း ကန့်သတ်ခဲ့ကြရာ United Airlines ဟာလည်း အခြား လေကြောင်းပျံသန်းရေးလုပ်ငန်းတွေကဲ့သို့ပင် ထိခိုက်နစ်နာခဲ့ရပါတယ်။ ကပ်ရောဂါ အဆိုးဆုံးဖြစ်ပွားနေခဲ့စဥ်က ဝန်ထမ်း ၃၆,၀၀၀ အထိကို ခွင့်ပေးထားရလိမ့်မယ်လို့ လေကြောင်းလိုင်းက ကြေညာခဲ့ဖူးကြောင်း BBC သတင်းက ပြောပါတယ်။