သူ့ရဲ့နှုတ်ခမ်းပေါ် လက်ညိုးတင်ပြီး ဂွာဒီယိုလာကို တိတ်တိတ်နေဖို့ ပြုလုပ်ပြခဲ့တဲ့အချိန်မှာ ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်ပရိသတ်တွေရဲ့ သူရဲကောင်းဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့နှုတ်ခမ်းပေါ် လက်ညိုးတင်ပြီး ဂွာဒီယိုလာကို တိတ်တိတ်နေဖို့ ပြုလုပ်ပြခဲ့တဲ့အချိန်မှာ ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်ပရိသတ်တွေရဲ့ သူရဲကောင်းဖြစ်လာခဲ့ပါတယ်။ ပေါ်တူဂီကွင်းလယ်လူက ကွင်းတွင်းကွင်းပြင်မှာ အရေးပါတဲ့ အကျိုးသက်ရောက်မှုတွေကို ဆိုးလ်ရှားရဲ့အသင်းအတွက် လုပ်ပြနိုင်ခဲ့ပါတယ်။ ဇန်နဝါရီမှာ ယူနိုက်တက်ကို ပေါင် ၄၇ သန်းနဲ့ ရောက်ရှိလာခဲ့ပြီးကတည်းက ဖာနန်ဒက်စ်က ရှုံးပွဲဆိုတာ ဘာမှန်းလည်းမသိခဲ့ပါဘူး။ ယူနိုက်တက်အတွက် ၉ ပွဲသာကစားပေးထားရပေမယ့် အဓိကကစားသမားအဖြစ် သူက ရပ်တည်လာနိုင်ခဲ့ပါတယ်။
၂၀၁၃ မှာ ဖာဂူဆန်အနားယူခဲ့ပြီးနောက် ယူနိုက်တက်ခေါ်ယူခဲ့သမျှထဲမှာ အကောင်းဆုံးခေါ်ယူမှုတစ်ခုလို့လည်း ဘရူနိုဖာနန်ဒက်စ်ရဲ့အပြောင်းအရွှေ့က သတ်မှတ်ခံလာရပါတယ်။ လက်ရှိမှာ မထင်မှတ်ဘဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လိဂ်ပွဲတွေရပ်တန့်ခဲ့ရပေမယ့် ယူနိုက်တက်ကတော့ ဖာနန်ဒက်စ်ကြောင့် ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ကိုယ်တိုင်က ဒီအသင်းမှာကစားချင်စိတ်ပြင်းပြနေခဲ့သူဖြစ်ပြီး အခုဆိိုရင် ပရိသတ်တွေက သူ့နာမည်ကို သီချင်းထဲထည့်သွင်းစပ်ဆိုနေခဲ့ကြပြီး ရော်နယ်ဒိုလိုမျိုး အသင်းအတွက် ကြီးကျယ်မှုတွေယူဆောင်ပေးမယ့် ပေါ်တူဂီသားလို့ မှတ်ယူခံနေရပါတယ်။
"Bruno, Bruno, Bruno, he's from Sporting like Cristiano. He goes left, he goes right, makes defences look *rubbish*, he's our Portuguese magnifico." ဆိုတာက အိုးထရက််ဖို့ဒ်ကွင်းအတွင်းမှာ ပရိသတ်တွေက ဖာနန်ဒက်စ်ကို ချီးကျူးသီဆိုနေတဲ့
သီချင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ ဖာနန်ဒက်စ်က ပေါ်တူဂီလိဂ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ် နှစ်နှစ်ဆက်တိုက်ရပ်တည်နိုင်ခဲ့ပါတယ်။ စပို့တင်းကိုလည်း အောင်မြင်မှုတချို့ရယူပေးနိုင်ခဲ့ပြီး လိဂ်ဂိုး ၃၉ ဂိုးနဲ့ ဖန်တီးမှု ၂၈ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ သူ့ထက်ပိုပြီးတော့ သွင်းဂိုးပါဝင်ပတ်သက်နိုင်တဲ့ ကစားသမားက ပေါ်တူဂီလိဂ်မှာမရှိခဲ့ပါဘူး။ အခွင့်အရေးဖန်တီးမှု ၂၃၉ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး သူ့နောက်မှာ ရပ်တည်နေတဲ့ ပေါ်တိုက အဲလက်စ်တဲလက်စ်ထက် ၂၅ ကြိမ်တောင်ပိုများခဲ့တာပါ။
ယူနိုက်တက်ကလည်း ဖာနန်ဒက်စ်ရောက်ရှိခဲ့့ပြီးနောက် ခြောက်ပွဲအနိုင်ရပြီး သုံးပွဲသရေကျခဲ့ကာ ၂၂ဂိုးသွင်းယူနိုင်ခဲ့ပြိး ပေးဂိုး ၂ဂိုးတည်းသာရှိခဲ့ကာ ၇ ပွဲတိတိပေးဂိုးမရှိခဲ့ပါဘူး။ လက်ရှိမှာဆို အမှတ်ပေးဇယားမှာ ချယ်လ်ဆီးနောက် ၃ မှတ်အကွာနဲ့ အဆင့်ငါး၊ အက်ဖ်အေဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်နဲ့ ယူရိုပါလိဂ်မှာလည်း ကွာတားတက်ဖို့ သေချာသလောက်ရှိနေခဲ့ပါပြီ။ ဖာနန်ဒက်စ်က လိဂ်ဂိုးငါးဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပြီး နှစ်ဂိုးသွင်းကာ သုံးကြိမ်ဖန်တိးပေးထားခဲ့ပါတယ်။ ဒါကြောင့်လည်း ပရီးမီးယားလိဂ်ကို သူရောက်ပြီး ပထမဆုံးလမှာပဲ တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။
"သူက မြန်မြန်ဆန်ဆန်ပဲအထိုင်ကျခဲ့ပါတယ်၊ သမိုင်းကြောင်းတွေအရ ဇန်နဝါရီမှာ ကောင်းမွန်တဲ့ခေါ်ယူမှုတွေကို ပြုလုပ်နိုင်ဖို့က ခက်ခဲတယ်ဆိုပေမယ့်လည်း သူကတော့ အားလုံးသိတဲ့အတိုင်း ခြေစွမ်းပြနို်င်ခဲ့ပါတယ်၊ သူတို့အတွက် အချိန်လိုတာလား၊ ချက်ချင်းပဲအဆင်ပြေမလားဆိိုတာ မသိနိုင်ပေမယ့် ဘရူနိုကတော့ ကွင်းတွင်းမှာရော အဝတ်လဲခန်းအတွင်းမှာပါ အရေးကြီးသူဖြစ်ခဲ့ပါတယ်၊ ပိုအရေးပါတာကတော့ သူက အသင်းရဲ့အဆင့်အတန်းနဲ့ စိတ်ဓာတ်ကိုမြှင့်တင်နိုင်ခဲ့တာပါပဲ" လို့ ယူနိုက်တက်လက်ထောက်နည်းပြ မိုက်ကယ်ကာရစ်က ဆိုခဲ့ပါတယ်။
ဖာနန်ဒက်စ်ရဲ့ အရေးပါတဲ့ အခိုက်အတန့်တွေထဲမှာ မန်စီးတီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲက အန်သိုနီမာရှယ်ရဲ့ အဖွင့်ဂိုးတွေ ဖန်တီးပေးခဲ့မှုလည်း ပါဝင်ခဲ့ပါတယ်။ သူက ဝက်ဖို့ဒ်နဲ့ ကလပ်ဘရုဂ်တို့ပွဲမှာလည်း ပယ်နယ်တီကနေ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါသေးတယ်။ ဆိုရှယ်မီဒီယာထက်မှာ ရေပန်းစားခဲ့တဲ့ ဂွာဒီယိုလာနဲ့အဖြစ်အပျက်အတွက်လည်း ဖာနန်ဒက်စ်က အားလုံးပါးစပ်အဟောင်းသားဖြစ်စေမယ့်စကားကိုဆိုခဲ့ပါသေးတယ်။ အဲဒါကတော့ "သူက ကျွန်တော့်လေးစားမှုနဲ့ မထိုက်တန်ဘူးဆိုတာပါ"။ ဂွာဒီယိုလာလို လေးစားခံနည်းပြမျိုးကို ကွင်းအတွင်းမှာ သူ တုံ့ပြန်ခဲ့ပုံနဲ့ ဒီအဖြစ်အပျက်အပေါ် မှတ်ချက်ပြုခဲ့မှုတွေက သူ ဘယ်လိုကစားသမားလဲဆိုတာကို အားလုံးသိအောင်ပါ ဖာနန်ဒက်စ်က ပြသခဲ့တာပါပဲ။
ယူနိုက်တက်အသင်းခေါင်းဆောင်မက်ဂွိုင်းယားက "သူက ကိုယ်ရည်ကိုယ်သွေးမြင့်မားသူဖြစ်ပြီး သူ့တစ်ကိုယ်လုံးမှာ ဒီအရည်အသွေးရှိမှုက အထင်းသားပါပဲ" လို့ မှတ်ချက်ပြုခဲ့ပါတယ်။ တိုက်စစ်မှူးဟောင်းဘာဘာတော့ဗ်ကလည်း "သူနဲ့အတူ ယူနိုက်တက်ကို မြင်ရတာ ကွဲပြားခြားနားတဲ့ အသင်းတစ်သင်းတစ်ခုပါပဲ" လိ့ ချီးကျူးခဲ့ပါတယ်။ အားလုံးသတ်မှတ်ယူဆနေခဲ့ကြသလိုပဲ မန်ချက်စတာယူနိုက်တက်ဟာ ဘရူနိုဖာနန်ဒက်စ်ကြောင့် ပြောင်းလဲခဲ့တာကတော့ အမှန်ပဲဖြစ်ပါတယ်။ ဒါဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အိုးထရက်ဖို့ဒ်မှာ စွမ်းဆောင်ပေးခဲ့ဖူးတာကို အခြားသော ပေါ်တူဂီကစားသမားတစ်ဦးက ထပ်မံပြုလုပ်ပေးနိုင်ဦးမလားဆိုတာကိုလည်း ယူနိုက်တက်ပရိသတ်တွေအားလုံး ရင်ခုန်နေကြပါပြီ။