နေထက်လင်းကတော့ ညီအရင်းတစ်ယောက်လို ချစ်ရတဲ့ ဘုန်းလျှံရဲ့ အိမ်ထောင်ရေးအပေါ် သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။
သရုပ်ဆောင် နေထက်လင်းနဲ့ ဘုန်းလျှံကတော့ ရခိုင်လူမျိုးချင်းလည်း တူသလို အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ ဘုန်းလျှံရဲ့ ရင့်ကျက်မှုတွေကို အခုချိန်မှာ ပြန်မြင်ရလာတာကို ဝမ်းသာနေမိတယ်လို့ နေထက်လင်းက Duwun ကနေတဆင့်ပြောပြခဲ့ပါတယ်။
" ဘုန်းလျှံက ကျွန်တော့်ရဲ့ ညီလေးအရင်းတစ်ယောက်လိုပါပဲ။ လူတစ်ယောက်က မုန်းဖို့လွယ်တယ်၊ ရန်ဖြစ်ဖို့က လွယ်တယ်၊ လူတစ်ယောက်ကို မကောင်းမြင်ဖို့က လွယ်သလိုပဲ၊ မနာလိုဖြစ်ဖို့ကလည်း လွယ်ပါတယ်။ သူတော်ကောင်းတစ်ယောက်စိတ်ဖြစ်ဖို့ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော့် ညီလေးက အခုချိန်မှာ ရင့်ကျက်လာပြီ။ သူ့ဆီကနေ ကောင်းတဲ့ အတွေးအခေါ်လေးတွေကို ပြန်ကြားရတဲ့ အချိန်မှာ သူ့ကိုအနားမှာရှိပြီး ချစ်နေပေးတဲ့ သူ့ရဲ့ ကောင်မလေးကိုတောင် ကျေးဇူးတွေ တင်နေမိတာပါ" ဆိုပြီးတော့ သြဂုတ်လ (၂၇) ရက်နေ့က အလိုတော်ပြည့်ကျောင်းက အလှူမှာ ဖြေဆိုခဲ့တာပါ။
Photo: Nay Htet Lin
နေထက်လင်း အနေနဲ့ လူမျိုးချင်းမတူလည်း ဖူးစာကံပါရင် ရွေးချယ်သင့်တယ်လို့ ဆိုပါတယ်။
" အဓိက ကတော့ အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ့်ရဲ့ ဖူးစာက ရခိုင်လူမျိုးမဟုတ်ပဲ ရှမ်းဖြစ်ဖြစ်၊ ဗမာဖြစ်ဖြစ်၊ တခြားတိုင်းရင်းသား တစ်ယောက်ယောက်ပဲ ဖြစ်ဖြစ် ဘာသာတူရင်တော့ ယူသင့်တယ်လို့ မြင်ပါတယ်။ အခုခေတ်မှာ ဖုန်းတွေတောင် Update တွေဖြစ်လာသေးတာပဲလေ။ ကိုယ့်ရဲ့ ဖူးစာကလည်း အဲဒီလို ဖြစ်ကောင်း ဖြစ်လာနိုင်တာပေါ့" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
နေထက်လင်းကတော့ လက်ရှိမှာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးစားပေးဆောင်ရွက်နေတာ တွေ့ရပါတယ်။ သူ့အနေနဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း လက်လှမ်းမီသလောက် လုပ်ကိုင်လျှက်ရှိပါတယ်။ အနုပညာအလုပ်တွေနဲ့ ခဏတာ အလှမ်းဝေးနေခဲ့ပေမယ့် သူ့ကို အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကတော့ အခိုင်အမာရှိနေတုန်းပါပဲ။