ဘုန်းလျှံရဲ့ စကားပြောဆိုပုံတွေ၊ မျက်နှာ အနေအထားတွေကအစ အများကြီး ပြောင်းလဲလာတာ တွေ့ရတယ်လို့ ညီမင်းခိုင်က ပြောပါတယ်။
Photo: Nyi Min Khaing
အဆိုတော် ညီမင်းခိုင် ကတော့ အနုပညာနဲ့ ပတ်သက်ပြီး လေးစားရတဲ့ သရုပ်ဆောင်၊ အဆိုတော်တွေထဲမှာ ဘုန်းလျှံလည်း တစ်ယောက် အပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မေလ (၆) ရက်နေ့တုန်းက ဘုန်းလျှံ သာသနာ့ဘောင်ထဲ ဝင်တဲ့နေ့ကို ရောက်လာရင်း သူနဲ့ အမှတ်တရလေးတွေကို Duwun Media ကနေ ပြောပြလာပါတယ်။
“ ကိုဘုန်းလျှံနဲ့ ရခိုင်မှာကတည်းက ခင်တာ တော်တော်ကြာပါပြီ။ သူနဲ့ သူငယ်ချင်းလိုရင်းနှီးတာတော့ မဟုတ်ပါဘူး။ အရင်တုန်းက ကိုယ်အရမ်း လေးစား၊ အားကျခဲ့ရတဲ့ လူတွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်တယ်။ ၂၀၀၇ မှာတိုင်းရင်းသားအဆိုတော် စလုပ်တော့ ဆရာတော်ကြီးရဲ့ ပွဲတွေမှာ လိုက်ဆိုရင်း ဆုံခဲ့တယ်။ ၂၀၁၀ တုန်းက ပထမဆုံး နိုင်ငံခြားမှာ ဆိုရတဲ့ ပွဲမှာ သူနဲ့အတူတူ ဆိုခဲ့တာ အမှတ်တရလေးတွေရှိခဲ့တယ်။ ကိုဘုန်းလျှံ ထောင်ထဲမရောက်ခင် တစ်ပတ်အလို လောက်မှာ ဆုံခဲ့ကြတာလည်းရှိတယ်” လို့ ဆိုပါတယ်။
Photo: Nyi Min Khaing
ဘုန်းလျှံဟာ မူးယစ်ဆေးဝါးမှုနဲ့ အပြစ်ဒဏ်(၇)နှစ် ပေးဆပ်ပြီးနောက်၂၀၂၀ခုနှစ်၊ နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ဘုန်းလျှံ ထောင်က လွတ်လာပြီးတဲ့နောက် အရင်တုန်းကထက် အများကြီး ပြောင်းလဲ လာတယ်လို့လည်း ညီမင်းခိုင်က ဆက်လက် ပြောပြလာပါတယ်။
“ ကိုဘုန်းလျှံ ပြောင်းလဲသွားတာတော့ အများကြီးပါပဲ။ သူ့ရဲ့ အပြောအဆိုတွေ၊ သူ့ မျက်နှာရဲ့ ကြည်လင်မှုတွေ၊ သူရခဲ့တဲ့ အသိတရားတွေ တော်တော်ပြောင်းလဲသွားတယ်။ အဲဒီအတွက် ဝမ်းသာတယ်။ ဒီပြောင်းလဲမှုကိုပဲ တန်ဖိုးရှိရှိနဲ့ အသုံးချပြီး ရှေ့ဆက်ရမယ့် ဘဝကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်စေချင်ပါတယ်။ ကိုယ့်ရခိုင်အချင်းချင်းလည်း ဖြစ်တယ်။ အခု ထောင်က လွတ်လာတဲ့အချိန်မှာ အရင်ထက် အသိတရားတွေ ပိုရလာတယ်လို့မြင်တယ်” လို့ သူကဆိုပါတယ်။
Photo: Nyi Min Khaing
ညီမင်းခိုင်ကိုတော့ " နွယ်နီ" သီချင်းကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုသူ တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူဟာ ရခိုင်လူမျိုး အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဂီတ အလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဖျော်ဖြေပွဲတွေမှာလည်း သူဟာ ပါဝင်သီဆိုနေရတဲ့သူ တစ်ယောက်ပါ။ သူကိုယ်တိုင်ရေးထားတဲ့ သီချင်းဖြစ်တဲ့ "လရောင်ချော့တေး" သီချင်းကို သရုပ်ဆောင် နေတိုးက သီဆိုထားတာဖြစ်ပြီး အရမ်းအောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ "သူငယ်ချင်းအတွက်" ၊ "အိမ်လွမ်းနာ" ၊ " သာလီစွ" ၊ " ရှင်သန်နေမယ်" စတဲ့ သီချင်းတွေကိုလည်း ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုခဲ့တာဖြစ်သလို အောင်မြင်မှု ရရှိခဲ့တဲ့ သီချင်းတွေလည်း ဖြစ်ပါတယ်။