အမှန်တရားကို ပြောခဲ့တဲ့ ဒုရဲမှုးဟောင်းမိုးရန်နိုင်ကိုလည်း 7 Day Hero ဆုကိုပေးအပ်ခဲ့ပါတယ်။ သူကတော့ ရိုက်တာသတင်းထောက်နှစ်ဦးနဲ့ ပတ်သတ်ပြီး ရဲတပ်ဖွဲ့တွေရဲ့လုပ်ဆောင်ချက်တွေအပေါ် မီဒီယာတွေကနေ ထုတ်ဖော်ပြောကြားခဲ့တာကြောင့် ရာထူးကနေ ရပ်စဲခံရပြီးတော့ ထောင်တစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေမှာလည်း သူ့ဂုဏ်သိက္ခာနဲ့သူရှိပါတယ်လို့ ပြောခဲ့တဲ့ ဒုရဲမှုးဟောင်းမိုးရန်နိုင်ဟာ အမှန်တရားကို ပြောကြားခဲ့တာကြောင့် အဆိုပါဆုကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့လယ်က အထပ်မြင့်တိုက်တစ်တိုက် မီးလောင်မှုမှာ လူတွေကို အသက်အန္တရာယ်ကြားက ကယ်ဆယ်ခဲ့တဲ့ လူငယ်ငါးဦးရှိခဲ့ပါတယ်။ သူတို့က မီးလောင်နေတဲ့တိုက်ခန်းပေါ်ကနေ မိန်းကလေးငယ်တစ်ဦးနဲ့ အခြားပိတ်မိနေသူတွေကို အကူအညီမပါဘဲ တွယ်တက်ပြီး ကယ်ဆယ်ခဲ့တာကြောင့် ဒီဆုကို ရရှိခဲ့ပါတယ်။ ကိုပြည့်ဇာနည်နွေ၊ ကိုကျော်မင်းနိုင်၊ ကိုထွန်းထွန်း၊ ကိုသားငယ်နဲ့ ကိုမောင်မောင်တို့က ကျောက်တံတားမြို့နယ် အထပ်မြင့်တိုက် မီးလောင်မှုမှာ လူတွေကို သက်စွန့်ဆံဖျား ကယ်ဆယ်ခဲ့တာကြောင့် သူတု့ိကို 7Day Hero ဆု ပေးအပ်ခဲ့ပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့အတွင်းမှာ ရှိနေတဲ့အကျင့်ပျက်မှုတွေကို ဖွင့်ဟခဲ့တဲ့ ကျောက်ဆည်မြို့မှ ရဲတပ်ဖွဲ့ဝင် ငါးဦးကိုလည်း ဆုပေးအပ်ခဲ့ပါတယ်။ သစ်ခိုးထုတ်မှုတစ်ခုကို ရဲတပ်ဖွဲအရာရှိတွေက ကာကွယ်နေတာကို ရဲတပ်သားငါးဦးက ဖွင့်ချခဲ့ပြီး တိုင်ကြားခဲ့တာကြောင့် သူတို့ကို ဆုပေးအပ်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က အင်းတော်ကြီးအိုင်မှာ ကျောင်းသား၊ ကျောင်းသူတွေပါဝင်တဲ့ စက်လှေတစ်စီးတိမ်းမှောက်ခဲ့ရာ လှေမောင်းသူတွေက ကယ်ဆယ်ခဲ့ပြီး သူတို့ကိုလည်း 7 Day Hero ဆုပေးအပ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ပြည်သူတွေအကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေထဲက လူသားပီသစွာ ကိုယ်ကျိုးစွန့် ကူညီဆောင်ရွက်ခဲ့ကြသူတွေကို အဆိုပါ ဆုကို ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။