အနုပညာကို ဝါသနာကြီးလွန်းသူလေးပါ။

အသက်(၈)နှစ်အရွယ် ကလေးသရုပ်ဆောင် ဝတ်မှုန်ဖူးဟာ ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့ အားပေးမှု ရရှိလာတဲ့ ကလေးသရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။

သူမက သရုပ်ဆောင်ပိုင်းတင်မက အဆိုပိုင်းမှာလည်း ဝါသနာပါတဲ့ ကလေးလေး ဖြစ်ပါတယ်။

Photo : ဝတ်မှုန်ဖူး

ငယ်ငယ်လေးကတည်း အနုပညာကို ဝါသနာပါလာတဲ့ ဝတ်မှုန်ဖူးဟာ “ကျိန်စာပြယ်ဒဏ္ဍရီ”နဲ့ “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန” ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေ သတိထားမိလာတဲ့ ကလေးသရုပ်ဆောင်တစ်ဦးပါ။ ဇာတ်လမ်းတွဲ နှစ်ခုစလုံးမှာ ဝါရင့် သရုပ်ဆောင်တွေဖြစ်တဲ့ ရဲအောင်၊ ခိုင်နှင်းဝေတို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။

“မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန" ဇာတ်ကားရိုက်တုန်းကတော့ အန်တီခိုင်နှင်းဝေနဲ့ ဦးရဲအောင်တို့ရဲ့ သမီးအကြီးနေရာသရုပ်ဆောင်ခဲ့ရတယ်။ အများကြီးကြိုးစားခဲ့ရတယ်။ မမခိုင်နှင်းဝေကလည်း အများကြီး သင်ပေးတယ်။ စကားပြောမေ့နေတာတွေဘာတွေဆိုလည်း အများကြီးထောက်ပေးတယ်။ မမတို့ သရုပ်ဆောင်တွေကို အရမ်းအားကျတယ်။ သမီးလည်း ဆက်ပြီး ကြိုးစားသွားမှာပါ” ဆိုပြီး ဇာတ်ကားရိုက်ခဲ့တုန်းက အတွေ့အကြုံလေးတွေကို ပြောပြခဲ့ပါတယ်။

"ကျိန်စာပြယ်ဒဏ္ဍာရီ" ဇာတ်ကားမှာ ခိုင်နှင်းဝေရဲ့ သမီးအငယ် သရုပ်ဆောင် မေဇူးမောင်ရဲ့ ငယ်ဘဝအဖြစ် ပါဝင်ခဲ့ရတာ ဖြစ်သလို "မျက်လုံးမှာအလွမ်းနှုတ်ခမ်းမှာမာန" ဇာတ်ကားမျာလည်း ခိုင်နှင်းဝေရဲ့ သမီးအကြီးနေရာက ပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။

နှစ်ကားစလုံးမှာ ကာရိုက်တာပိုင်းအရ သိပ်ကွာခြားမှု မရှိပေမယ့်လည်း သူမ သရုပ်ဆောင်ရတဲ့ အပိုင်းလေးတွေကို ထိထိမိမိသရုပ်ဆောင်နိုင်တဲ့ ကလေးတစ်ယောက်ပါ။

အသက်(၈)နှစ်အရွယ် သူမဟာ ဇာတ်လမ်းတွဲတွေသာမက လက်ရှိမှာ ကြော်ငြာတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။

Photo : ဝတ်မှုန်ဖူး

ဝတ်မှုန်ဖူးဟာ မြန်မာဇာတ်ကားတွေကိုလည်း ကြိုက်နှစ်သက်တဲ့ ကလေးလေးတစ်ယောက်ဖြစ်သလို အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်နဲ့ ခိုင်နှင်းဝေတို့ကတော့ သူမအကြိုက်ဆုံး သရုပ်ဆောင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။အိုက်တင်ပိုင်းနဲ့ ပတ်သက်ပြီး သူလေးစား အားကျရတဲ့ အနုပညာရှင်တွေရဲ့ သရုပ်ဆောင်မှုတွေ ကြည့်ပြီး အိမ်မှာ အမြဲတမ်း လေ့ကျင့်တတ် သူလေးပါ။

“သရုပ်ဆောင်နဲ့ ပတ်သက်ပြီး မေမေ့ဖုန်းနဲ့ ကိုယ့်ဘာသာကိုယ် ဗီဒီယိုလေးတွေ ရိုက်တယ်။ ပြီးတော့ အိုက်တင်တွေကို ပြန်ကြည့်တယ်။ တခြားအိုက်တင်တွေကျတော့ သဘောကျတယ်။ တခြားဟာတွေကျတော့လည်း ရယ်ဖို့ကောင်းတယ်” ဆိုပြီး အိုက်တင်လေ့ကျင့်တဲ့အပိုင်းနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာပါ။

သူမက အနုပညာနဲ့ ပတ်သက်လို့ သရုပ်ဆောင်ပိုင်းတစ်ခုတည်း မဟုတ်ပါဘူး။ ဂီတကိုလည်း ဝါသနာပါသူ ဖြစ်ပါတယ်။ အားလပ်ရက်တွေမှာ ပီယာနို သင်တန်းတက်ပြီး ပီယာနို သင်ဖြစ်သလို သီချင်းဆိုတာကိုလည်း အရမ်းကို ဝါသနာပါသူလေး ဖြစ်ပြီး သူမအကြိုက်ဆုံးအဆိုတော်ကတော့ နီနီခင်ဇော်ပါတဲ့။

“သမီးရဲ့ အားလပ်ရက်တွေမှာဆိုရင် ပီယာနို သင်ဖြစ်နေတယ်။ တစ်လကျော်လောက်တော့ ရှိပါပြီ။ ပီယာနို သင်တန်းတက်ဖြစ်တာက သမီး ပီယာနိုအသံလေးကိုကြိုက်တယ်။ သီချင်းလေးတွေဆိုပြီး ပီယာနိုတီးရတာကို လည်း ကြိုက်တယ်” လို့ဆိုပါတယ်။ 

ဝတ်မှုန်ဖူးက လက်ရှိမှာ ပညာရေးနဲ့ ပတ်သက်လို့ Grade 3 အတန်းကို တက်ရောက်နေပြီး အတန်းထဲမှာလည်း ဘာသာစုံထူးချွန်တဲ့ ကလေးလေးဖြစ်တယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ ဝတ်မှုန်ဖူးရဲ့ မိဘတွေကတော့ သူမဖြစ်ချင်တာကို အပြည့်အဝထောက်ပံ့ပေးတာလည်း တွေ့ရပါတယ်။

“သမီးလေး အတွက် မျှော်လင့်ချက်ကတော့ အများကြီးပါပဲ။ ဖြစ်လာတာ မဖြစ်လာတာကတော့ သူ့ရဲ့ကံအပေါ်မူတည်ပါတယ်။သမီးလေး ကို တက်နိုင်သလောက် ပံ့ပိုးပေးပါတယ်။ သမီးကလည်း ကြိုးစားပါတယ်။ သူလုပ်ချင်တာ သူဝါသနာပါတာ တွေကို ပြောပြပါတယ်။ဒါပေမဲ့ အစ်မတို့အနေနဲ့ အားလုံးကို သူ အလိုလိုက်ပြီး လိုက်လျောပေးတာတော့မရှိပါဘူး။ ဒီအချိန်မှာ သူ့အသက်အရွယ်နဲ့ သင့်တော်မဲ့ဟာလုပ်နိုင်မဲ့ဟာတွေပဲ လုပ်ခိုင်းပါတယ် ။ သူမလုပ်ချင်ဘူး သူဝါသနာမပါဘူးဆိုတဲ့အရာ တွေကိုတော့ မိဘတွေအနေနဲ့ အတင်းအကျပ်မလုပ်ခိုင်းပါဘူး” လို့ ဝတ်မှုန်ဖူးရဲ့ မိခင်က ဆိုပါတယ်။

ဝတ်မှုန်ဖူးဟာ တစ်ချိန်က အနုပညာလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ ဆရာဝန်၊ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ မောင်သင်ရဲ့ မြစ်လည်း ဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ မောင်သင်ဟာ ၁၉၆၀ခုနှစ်မှာ "ချစ်သွေးသစ္စာ" ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ရရှိခဲ့သူပါ။ ဝတ်မှုန်ဖူးလေးရဲ့ အဘိုးလေးဟာ စာရေးဆရာလောကမှာလည်း ထင်ရှားတဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပြီး ၁၉၅၉ ခုနှစ်က စာပေဗိမာန်ဆု၊၁၅၇၁ခုနှစ်က အမျိုးသားစာပေးဆုတို့ကို ရရှိခဲ့သူဖြစ်ပါတယ်။

ဖခင်ဘက်က အနုပညာမျိုးရိုးရှိတာကြောင့် အနုပညာကို ဝါသနာပါလွန်းတဲ့ ဝတ်မှုန်းဖူးကတော့ အဆိုတော်ရော သရုပ်ဆောင်ပါ လုပ်ချင်ပြီး အနုပညာလမ်းကြောင်းလေးမှာ ကြိုးစားနေတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က