စန္ဒီမြင့်လွင်ကတော့ သူမဖြတ်သန်းခဲ့ဖူးတဲ့ သရုပ်ဆောင် ဘဝမှာ အမှတ်တရ များစွာရှိနေခဲ့တယ်လို့ ဆိုပါတယ်။
Photo: A
စန္ဒီမြင့်လွင်က သရုပ်ဆောင် တစ်ယောက်အနေနဲ့ ရုပ်ရှင်ကားကြီးတွေ ရိုက်ခဲ့စဉ်က "အုတ်ကြားမြက်ပေါက်" ရုပ်ရှင်ဇာတ်ကားဟာ သူမအတွက် အမှတ်တရတွေ အများကြီး ရှိနေတာကို တွေ့ရပါတယ်။
"အုတ်ကြားမြက်ပေါက်။ ဒီရုပ်ရှင်ကားကြီးထဲမှာ သရုပ်ဆောင်ဖြစ်ခဲ့တာလည်း ဘဝရဲ့အမှတ်တရတွေထဲက တစ်ခုပါပဲ။အခန်းနည်းတယ်၊ များတယ်၊ ဆိုတာထက် လုပ်ပြခွင့်ရခဲ့တဲ့ ဇာတ်တစ်ခုလို့ ဆိုရမှာပါ။ ဒီဇာတ်ကားမှာ မကြီးရဲ့ငယ်ဘဝနေရာကနေ သရုပ်ဆောင်ခွင့်ရခဲ့တယ်။ ရတဲ့နေရာမှာလည်း ပီပြင်အောင် ကြိုးစားခဲ့ပါတယ်။ အဆိုဘက်မှာ ဒီးဒီရဲ့ဆရာဖြစ်တဲ့ ကိုရသနဲ့ တွဲပြီး သရုပ်ဆောင်ခဲ့ရတာလည်း အမှတ်တရပါပဲ။ အမှန်ပြောရရင် ဒီးဒီ ရုပ်ရှင်ရိုက်တာ နည်းပါတယ်။ကိုယ်က သီချင်းဆိုတဲ့ဘက်ကို ပိုအားသန်တော့ ရုပ်ရှင်အရိုက်နည်းခဲ့တဲ့ သဘောပါပဲ။ ပရိသတ်ကလည်း ကိုယ့်ဆို ရုပ်ရှင်ထက် သီချင်းတွေနဲ့ မြင်ရတာ ပိုအသားကျနေပြီးသားပါ" ဆိုပြီးတော့ ဇွန်လ (၃) ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ
မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။
Photo: Oakkalay
အဆိုတော် မလုပ်ခင်က ဇာတ်ကားတွေ ရိုက်ခဲ့ဖူးတာကို လွမ်းတဲ့ အကြောင်းတွေကိုလည်း စန္ဒီမြင့်လွင်က ပြောပြခဲ့ပါသေးတယ်။ အခွင့်အရေးရမယ်ဆိုရင် သူကြိုက်တဲ့ ကာရိုက်တာလေးတွေရှိရင် ဇာတ်ကားတွေ ပြန်ရိုက်ချင်ပါတယ်တဲ့။
" တကယ်အမှတ်တရတွေများခဲ့တဲ့ ကာလတွေပါ။ ရုပ်ရှင်တွေရိုက်လိုက်၊ သီချင်းတွေဆိုလိုက်နဲ့ ပျော်ခဲ့ရတဲ့အချိန်တွေ။ ငယ်သေးတော့ ပင်ပန်းပေမယ့် ပျော်နေတာ။ ကိုယ့်လောက က လူတွေကိုလည်း ချစ်တော့ ရှုတင်ရောက်ရင်၊ ရှိုးတွေရောက်ရင် သူတို့နဲ့ဆုံတာနဲ့ကို ပျော်နေတာ။ သီချင်းတွေ ဆက်တိုက်ဆိုဖြစ်နေတယ်ဆိုပေမယ့် တစ်ခါတစ်ခါကျ ဘဝစုံကို သဏ္ဍာန်လုပ် သရုပ်တူရတဲ့ သရုပ်ဆောင်ဘဝကိုလည်း လွမ်းပါတယ်။ ပရိသတ်တစ်ချို့လည်း ရုပ်ရှင်ပြန်ရိုက်စေချင်ကြတာသိပေမယ့် မရိုက်ဖြစ်တာအတွက် တကယ်အားနာရပါတယ် ။ တကယ်လို့ ရိုက်ခွင့်လည်းရခဲ့မယ် ၊ ပရိသတ်အတွက်ရော ဒီးဒီအတွက်ပါ ကျန်ခဲ့မယ့်ဇာတ်မျိုးဆိုရင်တော့ ဒီးဒီရိုက်မှာပါ။ ဒီဇာတ်ကားလေး ဟိုရက်က ပြန်ကြည့်ဖြစ်တော့ သရုပ်ဆောင်ဘဝကို လွမ်းသွားလို့ အမှတ်တရလေး ပြန်တင်ပေးတာပါနော်။ ချစ်တယ်။ Dee loves you all" ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါသေးတယ်။
Photo: Sandi Myint Lwin
စန္ဒီမြင့်လွင်ဟာ သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ ၊ စိုးပြည့်သဇင် တို့ရဲ့ ညီအစ်မ ဝမ်းကွဲ တော်စပ်သူဖြစ်ပါတယ်။ သရုပ်ဆောင် ညီအစ်မတွေ ထဲမှာမှ သူမဟာ အဆိုတော် တစ်ယောက်အဖြစ် ဂီတလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသူ တစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်း က(၁၅) နှစ်ခန့်ရှိပြီဖြစ်ပါတယ်။ အဆိုတော် စန္ဒီမြင့်လွင်ဟာ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပြီး သူတို့ရဲ့ အိမ်ထောင်သက်တမ်း ဟာ၂ နှစ်ကျော်လာ ရှိခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ စန္ဒီမြင့်လွင်ဟာ သမီးလေး ထရက်ရှာ(ခ) ခင်လင်းထင် နဲ့ အတူတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားနိုင်ပါပြီ။