ရွှေထူးဟာ ‘’ဧည့်သည်’’ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး သူ့ရဲ့ ကာရိုက်တာအပေါ် လိုအပ်ချက်တွေရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကြီးကလည်း သူ့အတွက် ဒုတိယမြောက်ဇာတ်ကားဖြစ်တယ်လို့ သိရပါတယ်။
Photo: Shwe Htoo
ရွှေထူးက လက်ရှိ ရုံတင်ပြသနေတဲ့ ‘’ ဧည့်သည်’’ရုပ်ရှင်ကားကြီးနဲ့ ပတ်သက်ပြီး သူ့မှာ လိုအပ်ချက်တွေများနေသေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ သရုပ်ဆောင်အတွေ့အကြုံအရ အားနည်းနေခဲ့သေးတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။
‘’ကျွန်တော် သရုပ်ဆောင်ကောင်းတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်သီချင်းပိုင်ဆိုင်ရာပဲဖြစ်ဖြစ်၊ သရုပ်ဆောင်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် အလုပ်နဲ့ပတ်သက်လာရင်တော့ ဘာမဆိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပါတယ်။ ကျွန်တော်ကခုချိန်ထိ လိုအပ်ချက်တွေရော၊ အားနည်းချက်တွေရော၊ အများကြီးရှိနေပါသေးတယ်။ တစ်သက်လုံးလည်း ရှိနေဦးမှာပါပဲ’’ ဆိုပြီးတော့ ဇွန်လ ၁ ရက်နေ့ နေ့လည် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောပြခဲ့တာပါ။
ရွှေထူးက သူ့ကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေဟာ သူ့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီး အားပေးကြည့်ရှုခဲ့တာကြောင့်လည်း အရမ်းကို ဝမ်းသာခဲ့ရတယ်လို့ ဆိုပါတယ်။
‘’ခေါင်းဆောင်မင်းသားနေရာကရိုက်ထားပေမယ့်၊ မင်းသားရုပ်မဟုတ်တဲ့ကျွန်တော် ကျွမ်းကျင်သရုပ်ဆောင်ကောင်းမဖြစ်သေးတဲ့ကျွန်တော်။ လိုအပ်ချက်တွေရှိနေသေးတဲ့ကျွန်တော် အနုပညာကိုရူးသွပ်တဲ့ကျွန်တော်၊ ကျွန်တော့်ရဲ့ဒုတိယမြောက်ဒီရုပ်ရှင်ကားလေးကို အဖြူရောင်ပိတ်ကားပေါ်မှာလာ မည်သူ့ကြောင့်ဖြစ်စေလာရောက်အားပေးကြတာ တကယ်ဝမ်းသာပီတိဖြစ်ရပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: Shwe Htoo
ဧည့်သည် ရုပ်ရှင်ဇာတ်ကားဟာ ရွှေထူးအတွက်တော့ ဒုတိယမြောက် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ကျေးဇူးတင်တယ်လို့ သူကပြောပါတယ်။
‘’ကျွန်တော့်ရဲ့သရုပ်ဆောင်ချက်နဲ့ပက်သက်ပြီးလည်းအသစ်တစ်ယောက်အနေနဲ့မို့ လိုအပ်ချက်တွေများစွာရှိပါတယ်ခင်ဗျာ။ ဝေဖန်အကြံပေးကြပါဦးဗျာ။ ဒီကားလေးအပေါ် စေတနာထားကူညီဆောင်ရွက်ပေးကြတဲ့။ကျွန်တော့်ရဲ့ညီအကိုမောင်နှမတစ်ယောက်ချင်းစီတိုင်းကို ဒီနေရာကနေ ဂါရဝ ပြုလိုက်ရ ပါတယ်ခင်ဗျာ’’ လို့ ဆိုပါတယ်။
Photo: Shwe Htoo
ရွှေထူးကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဂီတနဲ့ပတ်သက်ပြီး ‘’စိတ်ကူးယဉ်စာအုပ်’’ ၊ ‘’I’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိခဲ့ပါတယ်။ သရုပ်ဆောင်အနေနဲ့ကတော့ ပထမဦးဆုံးဇာတ်ကားအဖြစ် ‘’ညှို့’’ ဆိုတဲ့ရုပ်ရှင်ကားကြီး၊ ‘’ဧည့်သည်’’ ရုပ်ရှင်ကားကြီးတို့ကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ ‘’ဒဏ္ဍာရီမိုး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း ရိုက်ကူးထားပါသေးတယ်။