နေတိုးက မေတိုးခိုင်ရဲ့ ပုံတူပန်းချီကို ကိုယ်တိုင်ရေးဆွဲဖြစ်တဲ့အကြောင်းပြောပြလာပါတယ်။ ဒါကတော့ ကာရိုက်တာအနေအထားအရ ဆောင်ရွက်ရတဲ့ ဝါသနာတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။
Photo: Myanmar Art Box
သရုပ်ဆောင်နေတိုးက ‘’ရူးအောင်ချစ်မယ့်သူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပန်းချီဆရာအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီအထဲမှာမှ မေတိုးခိုင်ရဲ့ ပုံတူပန်းချီကိုလည်း ကိုယ်တိုင်ရေးဆွဲခဲ့တာဖြစ်တယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ အဲ့ဒါက ရုပ်ရှင်ဇာတ်ကားက အူဝဲရယ်၊ ကျွန်တော်ရယ်၊ မေတိုးခိုင်ရယ် ပါတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ အဲဒီအထဲမှာ ကျွန်တော်က ပန်းချီဆရာ၊ အားလုံးလည်းသိမှာပါ။ ကျွန်တော်က သီချင်းတွေဆိုဖို့ လိုအပ်ရင်လည်း သီချင်းတွေဆိုတယ်၊ ပန်းချီဆွဲဖို့လိုရင်လည်း ဆွဲတယ်။ Speical Make-up တွေ လုပ်ဖို့ လိုအပ်ရင်လည်း လုပ်ပေးတယ်ဆိုတော့ ကျွန်တော့်အတွက်တော့ မထူးဆန်းတော့ပါဘူး’’ လို့ SKY NET Pay Par View မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Myanmar Art Box
နေတိုးဟာ အနုပညာနဲ့ ပတ်သက်လာရင် စွယ်စုံရ မင်းသားတစ်ယောက်ဖြစ်တယ်လို့ ပရိသတ်တွေက သတ်မှတ်ပေးထားကြပါတယ်။ ပန်းချီပညာကလည်း သူကိုယ်တိုင်အမြတ်တနိုးရှိတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်တဲ့။
‘’ ဒီအလုပ်ကို မလုပ်ခင်ကတည်းက အနုပညာကို ချစ်တယ်ပေ့ါနော်။အနုပညာဆိုတာကလည်း အများကြီးပဲလေ အဲဒီထဲမှာမှ ကျွန်တော် ပန်းချီပညာကိုမြတ်နိုးတယ်၊ တစ်ခါတလေကျရင် စာတွေရေးဖြစ်တယ်။ ဒါတွေက ဝါသနာပါတဲ့ အရာတွေထဲက တစ်ခုလည်း ဖြစ်နေတော့လေ။ အဲဒီမှာ ကျွန်တော် ပန်းချီကား ၃ ကားလားမသိဘူး ဆွဲဖြစ်လိုက်တယ်။’’လို့ ဆက်လက်ပြောပြလာပါတယ်။
Photo: Myanmar Art Box
နေတိုးဟာ ၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ တာဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ မွေးဖွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။ အခုဆိုရင်တော့ နေတိုးရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း ၂၀ရှိလို့နေပါပြီ။ ဒီအတောအတွင်းမှာလည်း သူဟာ သရုပ်ဆောင် အလုပ်ကိုလည်း တစ်စိုက်မတ်မတ်ဆောင်ရွက်သူဖြစ်သလို ဂီတနဲ့ ပတ်သက်ပြီးတော့လည်း သီချင်းတွေ သီဆိုရေးဖွဲ့ ခဲ့သူပါ။သူ သီဆိုထားတဲ့ သီချင်းလေးတွေကလည်း ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူကျခဲ့တာကြောင့်အောင်မြင်မှုတစ်ခုကို ထပ်မံရရှိခဲ့ပြန်ပါသေးတယ်။
Photo: Myanmar Art Box
နေတိုး(Nay Toe)က အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော် က ချီးမြငိ့တဲ့ The Best Actor ဆုကို မဟူရာ ရုပ်ရှင်ရုံ ရုပ်ရှင်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။