အိန္ဒြာကျော်ဇင်ဟာ မိဘတွေအတွက် ကလေးနဲ့ပတ်သက်ပြီး ပညာပေးဇာတ်ကားတစ်ကားဖြစ်လာမယ့် Box No.88 ရုပ်ရှင်ကားကြီးကို မဖြစ်မနေကြည့်သင့်တယ်လို့ ပြောပါတယ်။
Box No.88 ရုပ်ရှင်ဇာတ်ကားကြီးကတော့ အိန္ဒြာကျော်ဇင်ရဲ့ အနုပညာသက်တမ်းမှာ တစ်ခါမှ သရုပ်မဆောင်ခဲ့ဖူးတဲ့ ကာရိုက်တာမျိုး ကို မြင်တွေ့ရမယ်လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။ ဒီဇာတ်ကားလေးထဲက အိန္ဒြာကျော်ဇင်ရဲ့ ကာရိုက်တာကိုလည်း မီဒီယာအင်တာဗျူးတွေကနေတဆင့် မိတ်ဆက်ပြောပြလာပါတယ်။
‘’အစ်မက ဒီဇာတ်ကားထဲမှာ ကလေးဖြစ်လိုက်၊ အမေဖြစ်လိုက်နဲ့ စိတ် နှစ်စိတ်ကို သရုပ်ဆောင်ရမှာ။ ကလေးရဲ့ ဝိညာဉ်က အမေထဲကို ရောက်သွားတယ်ဆိုတဲ့အခါမှာ ကလေးရဲ့ Mood ဖြစ်ရမယ်။ တကယ့် ကလေးလေးဖြစ်သွားရမယ်ဆိုတော့ အစ်မက အဲဒီကလေးနဲ့ မတူလို့မရဘူး။ သူပြောတဲ့အတိုင်း သူ့ရဲ့ နေပုံထိုင်ပုံတွေ လေယူလေသိမ်းတွေကအစ သူ့ကို အရင်လုပ်ခိုင်းပြီးတော့ သူ့အတိုင်းလိုက်ပြီးတော့ Mood ထည့်ပြီးလုပ်တာပေါ့နော်။ ကိုယ်ကတော့ တကယ် ကလေးလို ခံစားလိုက်တယ်’’ လု့ိ သူကဆိုပါတယ်။
Photo: Box.No.88
အိန္ဒြာကျော်ဇင်က Box No.88 ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ဖို့ လက်ခံဖြစ်ခဲ့တဲ့ အကြောင်းအရင်း ၂ ချက်ရှိတယ်လို့ ဆိုပါတယ်။
‘’ဒီဇာတ်ကားက ရိုးရိုးဇာတ်ကားမဟုတ်ပဲ မိဘတွေအတွက် ကလေးနဲ့ ပတ်သက်ပြီး ပညာပေးဇာတ်လမ်းပါတယ်။ အဲဒါကို နံပတ်၁ ထားပြီးတော့ ဇာတ်ကားရိုက်ကူးဖို့ လက်ခံဖြစ်တယ်။ ကိုယ်လုပ်ရတဲ့ သရုပ်ဆောင်အလုပ်မှာ ကိုယ်မလုပ်ဖူးတဲ့ ကာရိုက်တာလည်းဖြစ်တယ်။ ကိုယ်သရုပ်မဆောင်ဘူးတဲ့ ကာရိုက်တာတွေကို လုပ်ရတဲ့အချိန်မှာ ခက်ခဲတယ်။ ကိုယ်တိုင်ကလည်း လုပ်ဖူးချင်တယ်။ ပရိသတ် လက်ခံမယ့် ဇာတ်ကားလေးလည်းဖြစ်တော့ ဒီ အချက် ၂ ချက်ကို တွေးမိပြီး လက်ခံဖြစ်သွားတာပေါ့နော်’’ လို့ နိုဝင်ဘာလ ၂ ရက်နေ့က Box.No 88 ရုပ်ရှင်ကားကြီး မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Box,No.88
မိဘတွေနဲ့ ပတ်သက်ပြီး ပညာပေးဇာတ်ကားလေး တစ်ကား ဖြစ်တယ်လို့လည်း အိန္ဒြာကျော်ဇင်က ပြောပါတယ်။
‘’ ဒီဇာတ်ကားက ကလေးနဲ့ ပတ်သက်ပြီးတော့ လူကုန်ကူးမှုတိုက်ဖြတ်ရေးပေါ့နော် အဲဒီအစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဒီဇာတ်ကားကို ကြည့်ချင်းအားဖြင့် မိဘတွေ သတိရှိဖို့အရမ်းအရေးကြီးသွားပြီပေါ့နော်။ ဒီဘက်ခေတ်မှာကျတော့လည်း ကလေးတွေပျောက်တယ်ဆိုတာတွေ အများကြီးကြားရတယ်ဆိုတော့ မိသားစုတွေ အနေနဲ့ ဒီဇာတ်ကားကို ကြည့်ကို ကြည့်သင့်တယ်လို့ အစ်မ ထင်တယ်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၂ ရက်နေ့ ညက Box.No 88 ရုပ်ရှင်ကားကြီး မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Box,No.88
Box No.88 ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလ ၇ ရက်နေ့ဆိုရင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သရုပ်ဆောင် နေတိုး၊ အိန္ဒြာကျော်ဇင်၊ ထွန်းထွန်း နဲ့ ကလေးသရုပ်ဆောင် အိန်ဂျယ်ဝတ်မှုံ တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။