သဉ္ဇာကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်လမ်းတွဲရိုက်တော့မယ်လို့ သိရပါတယ်။ ပါဝင်သရုပ်ဆောင်ရမယ့် ကာရိုက်တာအတွက် ကြိုးကြိုးစားစားလေ့ကျင့်သွားမယ်လို့ ဆိုပါတယ်။
Photo: Thinzar
သရုပ်ဆောင် ဝါဆိုမိုးဦးရဲ့ ညီမဖြစ်သူ သဉ္ဇာ ကိုတော့ အနုပညာလောကထဲမှာ သရုပ်ဆောင်တစ် ယောက်အဖြစ် မြင်တွေ့ရတော့မှာပါ။ သူကတော့ ပညာရေးကို ဦးစားပေးနေသူဖြစ်တာကြောင့် ကျောင်းပိတ်ရက်နဲ့ကြုံတုန်း ဇာတ်လမ်းတွဲလေးရိုက်ဖို့ရှိတယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။
‘’ ရုပ်ရှင်ဇာတ်ကားမရိုက်ဖြစ်တာကလည်း ကာရိုက်တာလေးတွေ နည်းနည်းရွေးချယ်နေလို့ဖြစ်ပါတယ်။ ပြီးတော့ အခုက ကျောင်းတက်နေတာဆိုတော့ ရုပ်ရှင်ရိုက်ရင် ရက်က အချိန်တော်တော်ပေးရတာဖြစ်လို့ အများကြီးမဟုတ်ရင်တောင်မှ တစ်ကားဆို တစ်ကားလောက်ပဲ လက်ခံဖြစ်တာပေါ့။ အခုလည်း ဇာတ်လမ်းတွဲရိုက်ဖို့အတွက် ကမ်းလှမ်းထားတာရှိတယ်။ ဒါကလည်း ကျောင်းပိတ်ရက်နဲ့ တိုက်သွားတော့ လက်ခံဖြစ်မယ်လို့ထင်ပါတယ်’’ လို့ ဆိုပါတယ်။
Photo: Thinzar
သူမဟာ ဒီဇာတ်လမ်းတွဲမှာ သီချင်းဆိုပြိုင်ပွဲဝင်မယ့် ဝါသနာရှင် မိန်းကလေးတစ်ယောက်အဖြစ်ပါဝင်ရမယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကာရိုက်တာအတွက် သေသေချာချာလေ့ကျင့်နေတယ်လို့ သဉ္ဇာက ပြောပါတယ်။
‘’ ညီမက ဇာတ်လမ်းတွဲရိုက်ဖို့ သေချာပြီဆိုရင် အဆိုတွေ၊ အကတွေ ကျင့်ရမယ်။ အရင်တုန်းကတော့ ဝါသနာပါတယ်ဆိုပေမယ့် သေသေချာချာ မသင်ခဲ့ရဘူး။ ကိုယ်က တကယ်သာရိုက်ဖို့ ကျိန်းသေပြီဆိုရင် သီချင်းဆိုတာကို စနစ်တကျနဲ့သင်ရမယ်။ အကမှာဆိုရင်လည်း ကနည်း ကဟန်တွေကို စနစ်တကျသင်ရတော့မှာပေါ့နော်’’ လို့ သူကဆိုပါတယ်။
Photo: Thinzar
သဉ္ဇာကို သတိထားမိစေတာကတော့ ရုပ်လေးကလည်း လှသလို စကားပြောရင်လည်း အသံဝဲဝဲလေးနဲ့ ချစ်ဖို့ကောင်းသူတစ်ယောက်ပါ။ ဒါပေမယ့် သရုပ်ဆောင်အလုပ် လုပ်ရမှာဖြစ်တဲ့အတွက် စကားပီအောင် ကြိုးစားမယ်လို့ ဆိုပါတယ်။
‘’ သဉ္ဇာလည်း အဲဒီအတွက် စကားပြောတာ လေ့ကျင့်နေရတယ်။ ပထမဦးဆုံးရိုက်မယ့် ဇာတ်ကားဆိုတော့လည်း စကားပီအောင် အကောင်းဆုံး ကြိုးစားသွားမယ်။ အိုက်တင်တွေကိုလည်း ဘယ်လို လုပ်ရမယ် ဆိုတာ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ရမှာပေါ့။ ဒီဇာတ်လမ်းတွဲမှာ ပါဖို့ အစ်မဆီကနေတဆင့် ကမ်းလှမ်းခဲ့တာပေါ့နော်။ ပါဝင်ရမယ့် ကာရိုက်တာအကြောင်းတွေလည်း ပြောပြတယ်။ သဉ္ဇာကတော့ စိတ်ဝင်စားလို့ လက်ခံဖြစ်တာပါ’’လို့ သူကဆိုပါတယ်။
Photo: Thinzar
သဉ္ဇာ့(Thinzar) ကိုတော့ ဝါဆိုမိုးဦးက ဖေ့စ်ဘွတ်ပေါ်မှာ ညီမလေးအရင်းလေးပါဆိုပြီးတော့ မိတ်ဆက်ပေးလိုက်ကတည်းက ပရိသတ်တွေ စတင်သတိထားမိခဲ့တာဖြစ်ပါတယ်။ သူမက လက်ရှိမှာ တီဗီကြော်ငြာတွေ ရိုက်ကူးနေရသူဖြစ်လို့နေပါပြီ။ ပညာရေးမှာလည်း ကြိုးစားနေသူဖြစ်သလို အနုပညာလှုပ်ရှားမှုတွေလည်း မကြာခဏ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေးလည်းဖြစ်သလို ဘာဘီရုပ်လေးနဲ့ တူတဲ့ သူမရဲ့ ခန္ဓာကိုယ်အချိုးအစား၊ အလှအပတွေကြောင့်လည်း ယောကျ်ားလေး ပရိသတ်တွေက ပိုတိုးလို့ အားပေးလာကြတာဖြစ်ပါတယ်။
Share