ဖွေးဖွေးကတော့ ရုပ်ရှင် နှစ်(၁၀၀) ပြည့်တဲ့ အချိန်မှာ အနုပညာရှင်တစ်ယောက်ဖြစ်ခွင့်ရလာတဲ့အပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။
Photo: Phway Phway
၂၀၂၀ ခုနှစ် အောက်တိုဘာလ(၁၃) ရက်နေ့ဆိုရင်တော့ ရုပ်ရှင်နှစ်(၁၀၀) ပြည့်ပြီဖြစ်ပါတယ်။ သရုပ်ဆောင် ဖွေးဖွေး အနေနဲ့ အခုလို ရုပ်ရှင်နှစ်(၁၀၀) ပြည့်တဲ့အချိန်မှာ သူမဟာ အနုပညာရှင်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလို့ မီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။
“ ရုပ်ရှင် နှစ်(၁၀၀)ပြည့်မှာ ကိုယ်လည်း နှစ်အပိုင်းအဆလေး တစ်ခုအနေနဲ့ ပါဝင်ခွင့်ရလာတာ ဝမ်းသာတယ်။ ငယ်ငယ်တုန်းကဆိုရင် ကိုယ်အရမ်းအားကျခဲ့ရတဲ့ သရုပ်ဆောင်တွေကို TV ကနေပဲ ကြည့်ခဲ့ရတာပေါ့နော်။ ဦးဝင်းဦး၊ ဦးကျော်ဟိန်းတို့လိုပေါ့။ ကိုယ်ကိုယ်တိုင် အခုလို ပိတ်ကားပေါ်ကို ရောက်လာလိမ့်မယ်လို့လည်း မထင်ထားဘူး” ဆိုပြီးတော့ သူမရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။
Photo: Amazing Grace
ဖွေးဖွေးကတော့ မြန်မာနိုင်ငံရဲ့ အနုပညာလောကမှာ ထိပ်တန်းစာရင်းဝင် အမျိုးသမီး အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာတော့ Covid ကာလဖြစ်တဲ့အတွက် ရုပ်ရှင်ရိုက်ကူးရေးတွေ ရပ်နားထားတယ်လို့ သူကဆိုပါတယ်။ ၂၀၂၀ ခုနှစ် မတ်လ လဆန်းကတည်းက အနုပညာအလုပ်တွေ ရပ်နားထားခဲ့တာ အခုဆိုရင် (၆) လ ကြာမြင့်နေပြီလို့ သိရပါတယ်။
“ အနုပညာအလုပ်တွေ ရပ်နားထားတယ်ဆိုတာကလည်း အကုန်လုံး ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်ပါပဲ။ ဥပမာ-လက်သန့်ဆေးရည် ထုတ်တဲ့လုပ်ငန်းတွေ ပိုစီးပွားတတ်လာသလိုပေါ့နော်။ တစ်လှည့်စီပေါ့။ ပြီးတော့ Social Media ကနေ တက်လာတဲ့သူတွေကျတော့ အလုပ်တွေ ပိုလုပ်ဖြစ်တယ်၊ အပြင်မှာ ပုံမှန်အဖွဲ့အစည်းနဲ့ လုပ်ရမယ့် အလုပ်တွေကျတော့ ခဏနားရမယ်။ အားလုံးက ခဏပါပဲလေ။ ကိုယ်အလုပ် လုပ်ရတဲ့ အလှည့်လည်း ပြန်ရောက်လာမှာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Phway Phway
ဖွေးဖွေး(Phway Phway)ဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်များစွာတို့ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။