အမရပူရမြို့နယ်အတွင်းက တောင်သမန်အင်းကို ဖြတ်ကျော်ပြီး အမရပူရမြို့ဟောင်းနဲ့ ရတနာပုံတက္ကသိုလ်ကို ဆက်သွယ်တည်ဆောက်ထားတဲ့ ဦးပိန်တံတားဟာဆ်ုရင် မြန်မာမှာတင်မက ကမ္ဘာမှာပါ ထင်ရှားကျော်ကြားတဲ့ ရှုခင်းကောင်းတစ်ခု၊ အပန်းဖြေလေ့လာစရာ နေရာတစ်ခု ဖြစ်ပါတယ်။ ဦးပိန်တံတားဟာ ၁ ဒသမ ၂ ကီလိုမီတာ (တစ်မိုင်ရဲ့ လေးပုံသုံးပုံ) ရှည်လျားပြီးတော့ ကမ္ဘာမှာ အရှည်ဆုံးကျွန်းသား တံတားဖြစ်ပါတယ်။ တံတားဆောက်လုပ်တဲ့ နှစ်ကို အင်းကအော်အာ ဆောက်လုပ်ခါ ၁၂၁၁ ၊ ပြီးစီးတဲ့ နှစ်ကို အင်းကအော်ညီး ဆောက်လုပ်ပြီး ၁၂၁၃ဆိုပြီး မှတ်သားထားကြပါတယ်။
တံတားပြီးစီးစက တိုင်ပေါင်း ၉၈၄-တိုင်(နဝအဋ္ဌဇယမောင်ပိန်) အခန်းပေါင်း ၄၈၂ ခန်းရှိခဲ့တယ်လို့လည်း သိရပါတယ်။
တံတားအရှည်မှာ ၃၉၆၇ ပေ ရှိပြီး နားနေဇရပ်လေးဆောင်ရှိကာ ဘုရင့်ဖောင်တော်တွေ အလွယ်တကူ ဖြတ်သန်း သွားလာနိုင်ဖို့ ဖောင်ကြောင်းကိုးခုကိုလည်း စီစဉ်ထားရှိပါတယ်။ ဒုတိယကမ္ဘာစစ် အပြီးမှာတော့ မြစ်ရေကြီးမှုကြောင့် တံတား ရေမြုပ်ကာ အခန်းအချို့ပျက်စီးသွားခဲ့တဲ့အတွက် အမရပူရ အမတ်ဦးဘသီက ပြန်လည်ပြင် ဆင်ခဲ့တယ်လို့ သိရပါတယ်။ ၁၉၇၃ ခုနှစ်ကလည်း အခန်း ၈ဝ ကျော် ရေမျောသွားခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ မဟာဂန္ဓာရုံဆရာတော် အရှင် ဇနကာဘိဝံသဦးဆောင်ပြီး အမရပူရမြို့နယ် ပြည်သူလူထု တွေနဲ့အတူ ပြုပြင်ခဲ့ပါတယ်။
ဦးပိန်တံတားသမိုင်းအစ
ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်က ဦးပိန်တံတားကိုတည်ဆောက်ခဲ့တာပါ။ ပုဂံမင်းဟာ ကြက်၊ ငှက်အစရှိတဲ့ တိရစ္ဆာန်တွေကို ဖမ်းဆီးပြီး တိုက်ပွဲကစားတာကို အထူးဝါသနာပါပြီး နေ့စဉ်နဲ့ အမျှ ကစားပွဲကျင်းပလေ့ရှိပါတယ်။ တိုင်းရေးပြည်ရာတွေကို ညီတော်နှစ်ပါးဖြစ်တဲ့ မင်းတုန်းနဲ့ ကနောင်မင်းသားနှစ်ပါး ဦးဆောင်တဲ့ လွှတ်တော်ကသာ ကိုင်တွယ်ဖြေရှင်းနေခဲ့ရပါတယ်။ ပုဂံမင်းရဲ့ တိရစ္ဆာန်ရေးရာကျွမ်းကျင်သူကတော့
ဘိုင်ဆပ်လို့ ခေါ်တဲ့ ဘာသာခြားကုလားတစ်ဦးကို ပုဂံမင်းက ကြိုက်နှစ်သက်လှတဲ့အတွက် အမရပူရမှာ မြို့ဝန်အဖြစ် ချီးမြှောက်ခဲ့ပါတယ်။ ဒါတင်မက ဘိုင်ဆပ် နဲ့ အတူ ချီးမြှောက်ခြင်းခံရသူကတော့ သူ့တပည့် မြို့စာရေး မောင်ပိန်ဆိုသူပါ။ ဒီနှစ်ယောက်က အရမ်းဆိုးသွမ်းသောင်းကျန်းလှတဲ့အပြင် သူတို့နှစ်ဦးစကားမှာ မင်းနား ပေါက်သဖြင့် မရပူရတစ်မြို့လုံး ချောက်ချားရပြီး သူတို့နှစ်ဉီးကို လှန်ဝံ့ သူမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့ရဲ့ အပြစ်တွေကို ပုဂံမင်းသိသွားပြီး ဖမ်းဆီးကာ အပေါင်းအပါတွေနဲ့အတူ ကွပ်မျက်ခဲ့ပါတယ်။
တံတားဆောက်ခဲ့တဲ့ မောင်ပိန်
မြို့စာရေး မောင်ပိန် ဘာသာခြားဖြစ်ပေမယ့်လည်း မြန်မာဘုန်းတော်ကြီးကျောင်းထွက်ဖြစ်ပါတယ်။ ခရစ်နှစ် ၁၈၄၉ ခုနှစ်မှာတော့ အမရပူရမြို့ စာရေးမောင်ပိန်ဟာ အသက်ရှိစဉ်၊ အာဏာရှိစဉ်အတွင်း အမရပူရမြို့တော်ကနေ တောင်သမန်အင်းကိုဖြတ်ပြီး အခြားဘက်ကမ်းကို သစ်သားတံတားကြီးတစ်ခု တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တံတားဆောက်လုပ်ဖို့အတွက် လိုအပ်တဲ့ သစ်တွေကိုတော့ ပုဂံမင်း အမိန့်အရ အင်းဝနဲ့ စစ်ကိုင်းမြို့ဟောင်းတွေမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းဟောင်းတွေ ဖျက်ပြီး ရလာခဲ့တာလို့လည်း သိရပါတယ်။ တည်ဆောက်ရတဲ့ အကြောင်းအရင်းကတော့ တစ်ဖက်ကမ်းကနေ အမရပူရကို အကြောင်းရှိတဲ့အခါ အမြန်ကူးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တာပါ။ တည်ဆောက်သူ မောင်ပိန်ကိုအစွဲပြုပြီး ဦးပိန်တံတားလို့ ခေါ်တွင်ခဲ့တာဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဦးပိန်တံတားကတော့ ယနေ့အခါမှာ တောင်သမန်အင်းရဲ့ အထင်ကရ ပြယုဂ် အနေနဲ့ အထင်အရှား ရပ်တည်နေပါတယ်။
ရှေးဟောင်းမြို့တော်ကြီး အမရပူရ
အင်းဝနေပြည်တော်ကနေ ရွှေ့ပြောင်းပြီး မြို့တော်တည် ထောင်ခဲ့တဲ့ အမရပူရဟာ ဘိုးတော် ဘုရားလက်ထက်က လူမှုရေး၊ စီးပွားရေး၊ မြို့ပြအိမ်ရာတွေနဲ့ စည်ကားဖွံ့ဖြိုး ခဲ့ပုံကို သမိုင်းမှတ်တမ်းတွေအရ တွေ့ရှိခဲ့ရပါတယ်။ မျက်မှောက်ခေတ် အမရပူရ မြို့ဟောင်းဟာလည်း စေတီပုထိုး သမိုင်း အဆောက်အအုံအချို့ရဲ့ မြင်ကွင်းတွေက ရှေးခေတ်ကို တစေ့တစောင်းပြသလျက် ရှိပေမယ့်လည်း မန္တလေးမြို့တော်နဲ့ ဆက်စပ်နေတာကြောင့် တိမ်မြုပ်လုမတတ်ရှိနေပါတယ်။ ရက်ကန်းလုပ်ငန်းနဲ့ ထင်ရှားတဲ့ မြို့တစ်မြို့အဖြစ်သာ အသိအမှတ်ပြုကြပါတယ်။ ဒါပေမယ့်လည်း သမိုင်းကို ဖော်ပြနေတဲ့ ရပ်ကွက်ကြီးတွေရဲ့ အမည်တွေနဲ့ အနုပညာလုပ်ငန်းအတန်း အစုအကွက် အမည်တွေကတော့ ရှေးခေတ်အမရပူရကို ပြောပြနေဆဲပါ။
သက်တမ်းတစ်ရာကျော်နေပြီဖြစ်တဲ့ ဦးပိန်တံတား
ဦးပိန်တံတား သက်တမ်းနှစ်ပေါင်း တစ်ရာကျော်ရှိပြီဖြစ်ပါတယ်။ ယခုအခါ အမရပူရမှာ လေ့လာစရာအဖြစ် ရှေးဦးစွာ ဦးတိုက်လေ့လာ ကြည့်ရှုကြသောနေရာကတော့ တောင်သမန် ဦးပိန်တံတားပါ။ သက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်းလက်ထက် အမရပူရ မြို့ဝန် မြို့စာရေး ဦးပိန်တည်ဆောက် ခဲ့တာကြောင့် ဦးပိန်တံတားလို့ အမည်တွင်ခဲ့ပြီး ယနေ့တိုင် တံတားအိုကြီး မြင်ကွင်းက မြန်မာမှုကို ဆွဲဆောင်ပြသ နေဆဲဖြစ်ပါတယ်။
သဘာဝဒဏ်တွေကို ခံနေရရှာတဲ့ တံတား
တံတားကို ဆောက်လုပ်ရာ၌ နှစ်နှစ်မျှကြာခဲ့တယ်လို့ သိရပါတယ်။ မြန်မာအင်ဂျင်နီယာပညာရှင်တွေက စကေးမှန်ချိန်မပါဘဲ ခြေလှမ်း ဖြင့်တိုင်းတာဆောက်ခဲ့ရတဲ့ မြန်မာမှု တံတားကြီးဖြစ်ပါတယ်။ လှိုင်းဒဏ်၊ လေ ဒဏ်ခံနိုင်အောင်ဖြောင့်တန်းစွာမဆောက်ဘဲ တောင်ဘက်သို့ ဦးမော့ကွေ့ဝိုက်ကာ ကျင်တွယ်ပုံသဏ္ဌာန် ဆောက်လုပ်ထားတာပဲဖြစ်ပါတယ်။
ခေတ်ကာလရွေ့လျားလာတဲ့အတွက် တံတားကြီးကို အရှေ့ထိပ်၊ အနောက်ထိပ် ပြုပြင်တည်ဆောက်ခဲ့ရသလို ရေလယ် ဇရပ်တွေ ကိုလည်း ပြုပြင်တည်ဆောက်ခဲ့ရပါတယ်။ ဇရပ်လေးဆောင်က တိုင်တွေပါ ပေါင်းရင်တော့ တိုင်ပေါင်း ၁ဝ၈၆ တိုင်ရှိပါတယ်။ အခန်းပေါင်း ၄၈၂ ခန်း၊ တံတား အရှည် ၃၉၆၇ ပေ၊ တစ်မိုင်ရဲ့ လေးပုံ သုံးပုံရှည်လျားကြောင်း နောက်ဆုံးထုတ် မန္တလေးမြို့နေ သတင်းစာဆရာ နတ်မောက်ထွန်းရှိန် ရေးသားပြုစုတဲ့ ''ဝင်းတွေနှင့် တည်ခဲ့သည့် မင်းနေပြည်'' စာအုပ်မှာ ဖော်ပြထားပါတယ်။
ရှေးဟောင်းမြို့တော် အမှတ်သင်္ကေတ
ဆိုခဲ့တဲ့အတိုင်း မြန်မာဗိသုကာ ပညာရှင်တွေက မြန်မာ့ဆောက်လုပ်ရေး အတတ်နဲ့ မြန်မာမှုစစ်စစ် တံတားကြီးဖြစ်တဲ့ ဦးပိန်တံတားကြီးဟာ အမရပူရ ရှေးဟောင်းမြို့တော်ရဲ့ အမှတ်သင်္ကေတ အဖြစ် ရပ်တည်လျက်ရှိပါတယ်။ ဒါ့ကြောင့် ပြည်ထောင်စုတိုင်းရင်းသားတွေသာမက နိုင်ငံခြားကမ္ဘာလှည့်ခရီးသည်တွေကပါ နေ့စဉ်လာရောက်ကြည့်ရှုကြတာမို့ စည်ကားနေတာပဲဖြစ်ပါတယ်။ အမရပူရ တောင်သမန် အင်းစောင်းမှာဆိုရင်လည်း သပ်ရပ်တဲ့ စားသောက်ဆိုင် ။ ဈေးဆိုင်ခန်းတွေက အတည်တကျတည်ဆောက်ပြီး စီးပွားဖြစ်နေတာကို တွေ့ရပါတယ်။ မန္တလေးရောက် နိုင်ငံခြားသား ခရီးသွားတွေသာမက အနယ်နယ် အရပ်ရပ်က ပြည်သူတွေကလည်း မန္တလေးမြို့ကို ရောက်တာနဲ့ ကမ္ဘာကျော်ဦးပိန် တံတားကြီးနဲ့ တောင်သမန်အင်း အလှတရားတွေကို ယနေ့အထိလာရောက်လေ့လာနေကြဆဲပါ။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။