Vanguard ဇာတ်ကားရိုက်ကူးခဲ့စဥ်က ဖြစ်ပါတယ်။

နာမည်ကြီး ဟောင်ကောင်အက်ရှင်မင်းသားကြီး ဂျက်ကီချန်းဟာ ရုပ်ရှင်ရိုက်ကွင်းမှာ အသက်ဆုံးရှုံးလုနီးပါး အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။

(Vanguard ဇာတ်ကား ဇာတ်ဝင်ခန်းမှ ဂျက်ကီချန်း) (Photo: GSC Movies)

အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်ရိုက်ကူးရာမှာ အန္တရာယ်ရှိတဲ့ ဇာတ်ဝင်ခန်းတွေမှာလည်း ကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ ဂျက်ကီချန်းဟာ ဆိုးဆိုးရွားရွား အန္တရာယ်ဖြစ်မယ့် အခြေအနေအများအပြားကနေ လွတ်မြောက်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံးရိုက်ကူးခဲ့တဲ့ Vanguard အက်ရှင်ဇာတ်ကား ရိုက်ကွင်းမှာတော့ ရေနစ်သေဆုံးလုနီးပါးဖြစ်ခဲ့ပြီး ကြောက်လန့်တုန်လှုပ်ခဲ့ရတယ်လို့ ဂျက်ကီချန်းက ဖွင့်ဟခဲ့ပါတယ်။

Vanguard ဇာတ်ကားမှာ jet ski စီးနင်းတဲ့ ဇာတ်ဝင်ခန်းရိုက်ကူးနေစဥ် ဂျက်ကီချန်းဟာ ကျောက်တုံးတစ်တုံးအောက်မှာ ပိတ်မိနေခဲ့ပြီး ရေနစ်သေဆုံးလုနီးပါး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုသို့ဖြစ်နေချိန်မှာ "ဂျက်ကီ မကြောက်နဲ့" လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေခဲ့ရတယ်လို့ ဂျက်ကီချန်းက ဖွင့်ဟခဲ့ပါတယ်။

(Vanguard ဇာတ်ကား ဇာတ်ဝင်ခန်းမြင်ကွင်းတစ်ခု) (Photo: GSC Movies)

ထို့နောက်မှာတော့ ရုပ်ရှင်အဖွဲ့သားတွေက သူ့ကို အလျင်အမြန် လာရောက်ကယ်ဆယ်ခဲ့ကြပါတယ်။ ဂျက်ကီချန်းက ရုပ်ရှင်ရိုက်ကွင်းမှာ ရေနစ်သေမလို ဖြစ်ခဲ့ရတဲ့ သူ့ရဲ့အတွေ့အကြုံကို ဘေဂျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ထုတ်ဖော်ပြောခဲ့တယ်လို့ ယမန်နေ့ (ဒီဇင်ဘာ ၂၂ ရက်) က တရုတ်မီဒီယာတွေမှာ ဖော်ပြပါတယ်။

"အဲဒီညတုန်းက ရေချိုးတဲ့အချိန်မှာ ရေနစ်သေမလိုဖြစ်ခဲ့တာကို ကျွန်တော် သတိရသွားခဲပြီး ရုတ်တရက် တစ်ကယ်ကို ကြောက်လန့်သွားပြီး တုန်နေခဲ့တယ်၊ ကျွန်တော် လွယ်လွယ်လေး သေသွားနိုင်တဲ့အကြောင်း စဥ်းစားတွေးတောနေမိခဲ့တယ်" လို့ ဂျက်ကီချန်းက ဖွင့်ဟပြောခဲ့ပါတယ်။

(Vanguard ဇာတ်ကားမှ သရုပ်ဆောင်များ) (Photo: GSC Movies)

အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်ကီချန်းဟာ အန္တရာယ်ရှိတဲ့ စတန့်ဇာတ်ဝင်ခန်းတွေကိုလည်း လူစားမထိုးဘဲ ကိုယ်တိုင်လုပ်ဆောင်လေ့ရှိတာကြောင့် လူသိများ လေးစားခံရတဲ့ အက်ရှင်မင်းသားဖြစ်ပါတယ်။ မင်းသားကြီးဂျက်ကီချန်းဟာ နှာခေါင်းရိုး နှစ်ကြိမ်ကျိုးခြင်း၊ ဦးခေါင်းကွဲခြင်း၊ ကျောရိုးဒဏ်ရာရခြင်းနဲ့ လက်မောင်းနဲ့တင်ပဆုံမှာ အဆစ်လွဲခြင်း အပါအဝင် ရုပ်ရှင်ရိုက်ကွင်းတွေမှာ ဒဏ်ရာအများအပြားရခဲ့ဖူးပါတယ်။

ဂျက်ကီချန်း အခုနောက်ဆုံး ရိုက်ကူးထားတဲ့ Vanguard ဇာတ်ကားဟာ လုံခြုံရေးအဖွဲ့တစ်ဖွဲ့က နိုင်ငံတကာကြေးစားအုပ်စုက ပြန်ပေးဆွဲထားတဲ့ ဓားစာခံတွေကို ကယ်တင်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Vanguard ဇာတ်ကားကို တရုတ်နှစ်သစ်ရဲ့ ပထမဆုံးရက်ဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၅ ရက်မှာ ရုံတင်ပြသရန် စီစဥ်ထားတယ်လို့ သိရပါတယ်။

(မင်းသားဂျက်ကီချန်းနှင့် ဒါရိုက်တာစတန်လီတောင်း) (Photo: MicroEnt)

အဆိုပါဇာတ်ကားကို ဟောင်ကောင်ဒါရိုက်တာ စတန်လီတောင်းက ရိုက်ကူးထားတာ ဖြစ်ပါတယ်။ စတန်လီတောင်းနဲ့ ဂျက်ကီချန်းတို့ဟာ ၁၉၉၂ ခုနှစ်က Police Story 3: Supercop၊ ၁၉၉၅ ခုနှစ်က Rumble in the Bronx နဲ့ ၂၀၁၇ ခုနှစ်က Kung Fu Yoga အပါအဝင် ရုပ်ရှင်ဇာတ်ကား အများအပြားမှာ ဆုံခဲ့ကြဖူးပါတယ်။

"စတန်လီတောင်း လက်ထဲရောက်ရင်တော့ ကြမ်းကြမ်းတမ်းတမ်းတွေကို ကျော်လွှားပြီး ရှေ့ဆက်နိုင်ဖို့ ခင်ဗျား ရုန်းကန်လှုပ်ရှားဖို့လိုတယ်၊ လွယ်တော့ မလွယ်ဘူး" လို့ ဂျက်ကီချန်းကပြောကြောင်း china.org.cn ဝက်ဘ်ဆိုက်မှာ ကိုးကားဖော်ပြပါတယ်။

Vanguard ရိုက်ကွင်းမှာ ရေနစ်သေမလိုဖြစ်ခဲ့တဲ့ ဂျက်ကီချန်းကို ကယ်ဆယ်လာခဲ့ပြီးနောက် ငိုကြွေးခဲ့ကြောင်း ဒါရိုက်တာ စတန်လီတောင်းကလည်း ဖွင့်ဟခဲ့ပါတယ်။ "ကျွန်တော် ဂျက်ကီကိုမြင်လိုက်ရချိန်၊ သူ ရေထဲကနေ ပြန်ပေါ်လာချိန်မှာ ကျွန်တော် မျက်ရည်မထိန်းနိုင်ခဲ့ဘူးဗျာ" လို့ စတန်လီတောင်းက တရုတ်သတင်းထောက်တွေကို ပြောပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က