ကျွန်တော်ကတော့ ရှက်တယ်ဗျာ။

ဖိုးကျော်ဟာ အနုပညာအလုပ်တွေနဲ့ အနည်းငယ် ဝေးကွာနေပေမယ့် ရုပ်ရှင်နှစ်(၁၀၀) ပြည့်ပွဲမှာ ပြိုင်ပွဲ တစ်ခု အနေနဲ့ ထည့်သွင်းသွားမယ့် Tik Tok ပြိုင်ပွဲက အနုပညာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

ရုပ်ရှင် နှစ်(၁၀၀) ပြည့် အထိမ်းအမှတ် ပွဲမှာ Tik Tok ပြိုင်ပွဲ ပါဝင်နေတဲ့အပေါ် သရုပ်ဆောင် ဖိုးကျော်က အခုလို သုံးသပ်ပြောပြလာပါတယ်။ ဒီပြိုင်ပွဲဟာ အနုပညာ တစ်ခု မဟုတ်ဘူးလို့ သရုပ်ဆောင် ဖိုးကျော်က Duwun ကို ပြောပါတယ်။ 



“ ရုပ်ရှင် နှစ်တစ်ရာပြည့်မှာ Tik Tok ပြိုင်ပွဲတဲ့ သေလို့ရတယ်ဗျာ။ သူတို့တော့ မသိဘူး ကျွန်တော်ကတော့ ရှက်တယ် ဗျ။ ကျွန်တော်က ဘာမှ မဟုတ်ပါဘူး၊ အပေအတေ လောက်ဆိုပေမယ့် ကျွန်တော် ရှက်တယ်။ နိုင်ငံတကာမှာဆို Tik Tok က အနုပညာမဟုတ်ဘူးဗျ။ ကလေး ကစားစရာပါပဲ။ ကျွန်တော်လည်း ကိုယ့်ထမင်း ကိုယ်စားပြီး ဒီစကားကို ပြောရတာပါ။ အမှန်ကတော့ ကောင်းစေချင်လို့ ကျွန်တော် ပြောတာပါ” ဆိုပြီးတော့ ဇူလိုင် (၁၁) ရက်နေ့က ဖြေဆိုခဲ့တာပါ။ “ မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် ပြိုင်ပွဲတွင် Tik Tok ပြိုင်ပွဲ ထည့်သွင်းကျင်းပမည်” ဆိုတဲ့ သတင်းဟာ ဇူလိုင်လ (၅)ရက်နေ့ကတည်းက လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့တာပါ။

Tik Tok ပြိုင်ပွဲအပေါ် ဖိုးကျော်ရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောပြပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေ အကြောင်း ပြောပြလာပါတယ်။ ထုတ်လုပ်သူတွေက မငှားကြတော့တဲ့အခါ ဇာတ်ကားတွေလည်း အရင်ကလောက် ရိုက်ခွင့်မရတော့ဘူးလို့ ဆိုလာပါတယ်။ 

“ ကျွန်တော့်ကို မငှားကြဘူးလေ၊ ကိုယ့်ဘာသာကိုယ်ကျတော့လည်း မရိုက်နိုင်ဘူး။ ကြိုးစားတာက ကြိုးစားတယ် ဒါပေမယ့် လမ်းပျောက်သွားတာပဲလေ။ ကိုယ်က ပရိုဂျူဆာ နားဝင်ချိုအောင်လည်း မပြောတတ်ဘူး။ ကျွန်တော် စကားပြောပုံ ဆိုပုံတွေက သူတို့အတွက် မျက်စိ ဆံပင်မွှေး စူးစရာဖြစ်မယ် ထင်ပါတယ်။ ကျွန်တော်ကတော့ ရုပ်ရှင်လောကကို ကောင်းမွန်စေချင်တယ်၊ တိုးတက်စေချင်တယ်၊ ကျွန်တော်ရှိနေတဲ့ အခိုက်အတန့်မှာလည်း တက်နိုင်သလောက် တွန်းပြီး ပံ့ပိုးပေးချင်တယ်။ တကယ်တော့ အနုပညာဆိုတာ အမျိုးသားရေးအထိ သွားတယ်လေ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဖိုးကျော်ဟာ သရုပ်ဆောင် ကျော်ဟိန်း နဲ့ အတူ " လူမိုက် တစ်ရာ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါဟာ ပရိသတ်တွေ အားပေးမှု အခိုင်အမာ ရရှိခဲ့တဲ့ ဇာတ်ကား တစ်ကားပါ။ သူဟာ သရုပ်ဆောင် ဒွေး နဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား များစွာတို့မှာလည်း အတူတွဲ သရုပ်ဆောင်ခဲ့ ဖူးသူပါ။ ဖိုးကျော်ကတော့ ၂၀၀၆ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးမှာ " မျှော်လင့်ခြင်းများစွာ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က