မိုးဟေကိုက ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ကိုင်နေသူဖြစ်တာကြောင့် ရုပ်ရှင်ရုံတွေ လတ်တလော ပိတ်လိုက်ရတဲ့အပေါ် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။
Photo: Li John
မိုးဟေကိုဟာ လက်ရှိမှာ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ “မိုး”ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးစီးနေတာဖြစ်ပါတယ်။ အခုချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံတွေ ပိတ်လိုက်ရတဲ့အပေါ် သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။
“ ရုပ်ရှင်ရုံတွေ ပိတ်လိုက်ရတာလည်း ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းရဲ့ ကျန်းမာရေးက ပိုအရေးကြီးပါတယ်။ ပိတ်မယ်ဆိုလည်း မြန်မြန်ဆန်ဆန်ပေါ့ လူစုလူဝေးတွေ မဖြစ်တာ အကောင်းဆုံးပါပဲ။ မပိတ်သေးတာတွေရှိမယ်ဆိုရင်လည်း ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ပြောချင်ပါတယ်” ဆိုပြီးတော့ မတ်လ ၁၅ ရက်နေ့က “ငါ၏ အမိန့်” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။
Photo: Moe Hay Ko
ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားတဲ့ လူဦးရေတွေက အများကြီးရှိလို့နေပါပြီ။နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော်များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။
Photo: A Linn Yaung
မိုးဟေကိုဟာ “မိုး”ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ အများကြီးရှိတယ်လို့ သိရပါတယ်။ ရုံတင်ပြီးသား ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိသလို ရုံတင်ပြသဖို့အတွက် တန်းစီနေရတဲ့ ဇာတ်ကားတွေလည်း ရှိနေသေးတယ်လို့ သူက ပြောပါတယ်။
“အစ်မတို့ ရုပ်ရှင်ထုတ်လုပ်ရေးကနေ စုစုပေါင်း ဇာတ်ကား ၁၁ ကားရိုက်ထားတယ်။ ရုံတင်ဖို့ ၃ ကားလောက်ကျန်သေးတယ်။ နောက်ထပ်လည်း ဇာတ်လမ်းမတူ၊ ကာရိုက်တာမတူတဲ့ ဇာတ်ကားတွေလည်း ထပ်လာဦးမှာပါ။ ပြောင်းလဲသွားတဲ့ ခေတ်ရေစီးကြောင်းအပေါ် လိုက်နိုင်အောင်လို့တော့ ကြိုးစားနေတာပဲ။ ရုပ်ရှင်တွေ ရုံတင်ဖို့ ကြန့်ကြာနေတယ်ဆိုတာကလည်း ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးလေ ထုတ်လုပ်သူတိုင်း ကြုံတွေ့နေရတာပဲဆိုတော့ အဆင်ပြေပါတယ်” လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
Photo: Moe Hay Ko
မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။