ရန်အောင်ကတော့ အကယ်ဒမီ စာရင်းဝင် ဇာတ်ကားတွေက အရမ်းကောင်းလွန်းလို့ ရွေးချယ်ရ အရမ်းခက်ပါတယ်တဲ့။ မှန်မှန်ကန်ကန် ဆုံးဖြတ်ကြမယ်လို့လည်း သူကပြောပါတယ်။
Photo: Yan Aung
အကယ်ဒမီများရှင်ရန်အောင်ကတော့ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကား အကဲဖြတ်အဖွဲ့ထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဇာတ်ကားဖန်တီးမှုတွေ ကောင်းလွန်းတဲ့အတွက် ရွေးချယ်ရ အရမ်းခက်တဲ့ နှစ်တစ်နှစ်ပါလို့ အင်တာဗျူး တွေမှာ ဖြေဆိုခဲ့ပါတယ်။
“ အခုလက်ရှိ နာမည်ကြီးနေတဲ့ အနုပညာရှင်တွေရော၊ အသစ်တွေရော အရမ်းတော်ကြတယ် ဘယ်လိုလုပ်ရမလဲ။ ပရိသတ်ကိုပဲ ရွေးခိုင်းမှ ထင်တယ်။ အကုန်လုံးက အားပြိုင်နေကြတာဆိုတော့ ကျွန်တော် ဆိုရင် တစ်ခါတလေ ထွက်တောင် ပြေးချင်တယ်။ ရွေးချယ်ရ အရမ်းခက်ပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၉ ရက်နေ့က ရွှေကြိုမောင်မယ် ရွေးချယ်ပွဲကြီးအကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Yan Aung
ရန်အောင်ဟာ အကယ်ဒမီအကဲဖြတ်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကို စိတ်လှုပ်ရှားနေမိတယ်လို့ ဆိုပါတယ်။ ပြတ်ပြတ်သားသားအကဲဖြတ်ရမယ့် အနေအထားတစ်ခုဖြစ်လို့ မှန်မှန်ကန်ကန် ဖြစ်လာမယ်လို့ မျှော်လင့်ထားတဲ့အကြောင်း ပြောပြလာပါတယ်။
“ ဇာတ်ကားရွေးချယ်ရတာကလည်း အရမ်းတာဝန်ကြီးပါတယ်။ ထောင့်စေ့အောင် ရွေးရတာဆိုတော့ အကဲဖြတ်တယ်ဆိုတာကလည်း အပြစ်ရှာရတာလေ။ ကိုယ်တွေကတော့ အကောင်းဘက်က တွေးတဲ့သူဆိုတော့ အကောင်းပဲ မြင်တာပေါ့။ ဒါလေး လိုရင်တော့ သူ ဒီနေရာမှာ အဆင်မပြေလို့ဖြစ်မှာပါလို့ တွေးလိုက်တယ်။ ဒါပေမယ့် အခုကတော့ ပြတ်ပြတ်သားသား အကဲဖြတ်ရမယ့် အနေအထားပါ။ မှန်မှန်ကန်ကန်ဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။
Photo: Yan Aung
ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ အကယ်ဒမီပေးပွဲလည်းရှိသလို ပရိသတ်အကြိုက်နဲ့ လွဲခဲ့တဲ့ အကယ်ဒမီပေးပွဲလည်း ရှိခဲ့ပါသေးတယ်။ ဒါကြောင့် ရန်အောင်ကတော့ ပရိသတ်ပေးတဲ့ အကယ်ဒမီနဲ့ ထပ်တူကျအောင် ကြိုးစားမယ်လို့ ဆိုပါတယ်။
“ဒီနှစ်က အပြိုင်အဆိုင် အရမ်းများတယ်၊ ကောင်းတာတွေလည်း အရမ်းများတယ်။ အနုပညာမျိုးစက်သစ်တွေလည်း အရမ်းကောင်းကြတယ်။ အခု ရပ်တည်နေတဲ့ အနုပညာရှင် တွေလည်း တော်ကြတယ်။ အဲဒီတော့ ရွေးချယ်ရ တော်တော်ခက်တယ်။ အပြောအဆို မခံရအောင်တော့ တော်တော်ကြိုးစားရမယ်။ ဘယ်အရာမဆို အပြောအဆို မလွတ်ပါဘူး။ ဒါပေမယ့် ပရိသတ်နဲ့ အနီးစပ်ဆုံး ဖြစ်နိုင်မယ့် အနေအထားမျိုးကို ကျွန်တော်တို့ ကြိုးစားရမှာပါ” လို့ သူကဆိုပါတယ်။
Photo: Yan Aung
ရန်အောင်ကို ကိုရန်လေးဆိုပြီးတော့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်ခြင်းကို ခံရတဲ့ ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ၁၉ ၉ ၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ ဇာတ်ဆောင်အကယ်ဒမီများ ရရှိထားသူ ဖြစ်ပါတယ်။
Share