ကင်တေးဟီရဲ့အလှက တောင်ကိုရီးယားမှာသာမက အာရှတခွင်မှာပါ နာမည်ကြီးလှပါတယ်။ သူမရဲ့အလှအပက သူမရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ဖုန်းကွယ်နေတယ်လို့ ကင်တေးဟီတစ်ယောက် ခံစားနေရပါပြီ။
တောင်ကိုရီးယားရဲ့အလှဆုံး အမျိုးသမီးတစ်ဦးလို့ သတ်မှတ်ခံရတဲ့ သရုပ်ဆောင် ကင်တေးဟီဟာ သူမရဲ့ရုပ်ရည်ကြောင့်ပဲ နာမည်ကြီးနေရတဲ့ဘဝကို ငြီးငွေ့လို့နေပါပြီ။ ဒီဘဝကနေ ရုန်းထွက်နေတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာခဲ့ပါတယ်။
"အရမ်းလှတဲ့မင်းသမီးဆိုတဲ့ နာမည်ကို ထားခဲ့ချင်ပြီ။ ဒီထက်ပိုပြီး လူသားဆန်တဲ့ မင်းသမီးနဲ့ ဆက်စပ်တဲ့ အရာမျိုးနဲ့ (ပရိသတ်ကို) ချည်းကပ်ချင်တယ်" လို့ ကင်တေးဟီက Elle Magazine နဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။
ကင်တေးဟီဟာ သူမရဲ့နေ့စဉ်ဘဝမှာဆိုရင် မိတ်ကပ်မပါ၊ တီရှပ်နဲ့ ဂျင်းဝတ်ပြီး လျှောက်သွားတတ်သူလို့ ဆိုပါတယ်။ Elle Magazine ရဲ့ အောက်တိုဘာလထုတ်အတွက် ဓာတ်ပုံရိုက်ပေးတာတောင် တီရှပ်၊ ဂျင်း၊ နူးညံ့ပြီး အရောင်ဖျော့တဲ့ ဆွယ်တာ၊ ရိုးရှင်းတဲ့ ဂါဝန်တွေပဲ ဝတ်ဆင်ခဲ့တာကို တွေ့ရပါတယ်။
"ကျွန်မ သိပ်မလှချင်နေပါစေ ပိုပြီး သဘာဝကျပြီး သက်သောင့်သက်သာ ရှိချင်တယ်။ သရုပ်ဆောင်ချိန်ပဲဖြစ်ဖြစ် ဘယ်အချိန်ဖြစ်ဖြစ်ပေါ့" လို့ ကင်တေးဟီက ဆိုပါတယ်။
Photo : dramafever
အသက် ၃၈ နှစ်အရွယ် ကင်တေးဟီ (Kim Tae-hee) ဟာ ကိုရီးယားအဆိုတော် မင်းသား ရိန်းနဲ့ ချစ်သူဘဝကို ၅ နှစ်တာ ဖြတ်သန်းပြီးတဲ့နောက် ၂၀၁၇ ဇန်နဝါရီလမှာ လက်ထပ်ခဲ့ပါတယ်။ ၂၀၁၇ အောက်တိုဘာလအတွင်းမှာတော့ သမီးဦးလေးကို ဖွားမြင်ခဲ့ပါတယ်။