မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုတွေမှာ လိင်တူချစ်သူ ဇာတ်ရုပ်တွေကို ယုတ္တိမဆန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဖန်တီးပုံဖော်တာ၊ သရုပ်ပျက်လွန်းတဲ့ အမူအရာတွေ ဖော်ကြူးတာတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ LGBT အရေးလှုပ်ရှားသူတွေ၊ LGBT အဖြစ် ခံယူထားသူကြသူတွေက စုပေါင်းပြီး တောင်းဆိုလိုက်ပါတယ်။
LGBT ဘဝများကို လှောင်ပြောင်မှုတင်ဆက်မှုတွေ ရပ်တန့်ပေးပါ ဆိုပြီး မတ်လ ၄ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ရုပ်ရှင်တွေမှာ အခုလို ဇာတ်ရုပ်တွေ ထည့်သွင်းမှုတွေကြောင့် လက်တွေ့မှာရပ်တည်နေရတဲ့ လိင်တူချစ်သူတွေမှာ ခွဲခြားဆက်ဆံခံရမှုတွေ၊ လှောင်ပြောင်စနောက်ခံရမှုတွေနဲ၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံနေရမှုတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှုတွေ ကြုံတွေ့နေရမှုတွေရှိနေတယ်လို့ LGBT အခွင့်အရေးလှုပ်ရှားသူ ရှင်းသန့်က ပြောပါတယ်။
“ ပြင်ပမှာ ရှိနေတဲ့ LGBT တွေရဲ့ ဖြစ်ရပ်မှန်နဲ့ ကွဲလွဲပြီးတော့ ရုပ်ရှင်ကြည့်ပြည်သူတွေကို လွဲမှားတဲ့သတင်းမက်ဆေ့ချ်ပေးတာမျိုးတွေကို သဘောထားမှတ်ချက်ပေးသွားမယ်။ ဆင်ဆာပိတ်ဖို့အထိ ကျွန်မတို့ တောင်းဆိုသွားမယ်။ ရုပ်ရှင်အသိုင်းအဝိုင်းမှာရှိနေတဲ့သူတွေကို ကျွန်မတို့က အသိပညာပေးမှုတွေလည်းလုပ်မယ်။ ရုပ်ရှင်တွေမှာ ပြသနေတဲ့ ဇာတ်ရုပ်တွေကြောင့် ခွဲခြားဆက်ဆံရမှုတွေ၊ လှောင်ပြောင်မှုတွေ ခံနေရတယ်။အမျိုးသမီးချင်းချစ်တဲ့သူတွေဆိုရင် ယောင်္ကျားပေးစားလိုက်ရင် ကောင်းသွားမှာပဲဆိုတဲ့ ရုပ်ရှင်တွေထဲကလို လုပ်လာတာမျိုးတွေရှိတယ်။” လို့ LGBT အခွင့်အရေးလှုပ်ရှားသရှင်းသန့်က ဆိုပါတယ်။
ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ လွဲမှားတဲ့ ဇာတ်လမ်း၊ဇာတ်ကွက်တွေကို အခြေခံရိုက်ကူးရာမှာ LGBT တွေကိုသာမကဘဲ မသန်စွမ်းတွေ၊ အသားအရောင်ကွဲပြားသူတွေ၊ စကားဝဲသူတွေ၊ စကားမပီသူတွေ၊ ခန္ဓာဗေဒအရ တမူထူးခြားသူတွေနဲ့ နတ်ကိုးကွယ်ယုံကြည်သူတွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုတွေကို ထိပါးပြီး သရုပ်ဖော်နေတာ ဖြစ်တယ်လို့ LGBT အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြပါတယ်။
“LGBT အသိုင်းအဝိုင်းတစ်ခုလုံးကို လှောင်ပြောင်ပျက်ရယ်ပြုနေမှုတွေများလာလို့ ကျွန်မတို့က ဒီလို တောင်းဆိုပွဲကို လုပ်ခဲ့တာပါ။ နောက်ပိုင်းမှာ မကျေနပ်ချက်တွေကို ပြောနိုင်ဖို့က အသင်းအဖွဲ့လိုပါတယ်။ ဒါကြောင့် မိတ်ကပ် ကိုမာ၊ မကြီးစန်းတို့ ဦးဆောင်ပြီး မိတ်ကပ်အသင်းဖွဲ့ဖို့စီစဉ်ထားပါတယ်။ ရုပ်ရှင်ကားတစ်ကားရိုက်မယ်ဆိုရင် ဦးမောင်တို့ အသင်းအဖွဲ့ကို ဆက်သွယ်ပြီး ဦးမောင်တို့ကဘယ်လိုဇာတ်ရုပ်တွေ၊ ဘယ်လိုမိတ်ကပ်အပြင်အဆင်တွေလုပ်သင့်သလဲဆိုတာကို ကူညီပေးမှာပါ။ “ လို့ မိတ်ကပ် မေဦးမောင် (တော်ဝင်သူ) က ပြောပါတယ်။
လက်ရှိမှာ လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး ဖျော်ဖြေရေးကဏ္ဍတွေမှာ လှောင်ပြောင်ခြင်းတွေကို ရပ်တန့်ဖို့ စစ်တမ်းကောက်ထားပြီး မြန်မာ့ရုပ်ရှင်အဖွဲ့အစည်းတွေအပါအဝင် ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အမျိုးသားလွှတ်တော်ကို ပေးပို့သွားမယ်လို့ သိရပါတယ်။