ပြေတီဦးကတော့ ရုပ်ရှင်ရိုက်ဖို့အတွက် နှစ်ထပ်သစ်သားအိမ်တန်းတွေ ရှာလို့ နေပါတယ်။ ပရိသတ်တွေလည်းကူပြီး ရှာပေးဖို့အတွက် ပြောထားပါသေးတယ်။
Photo : life
ပြေတီဦးက ရုပ်ရှင်ရိုက်ကူးဖို့အတွက် ရှေးခတ်ပုံစံမျိုး နှစ်ထပ်သစ်သားအိမ်တန်းတွေ ရှိတဲ့ မြို့လေးကို ရှာနေတယ်လို့ သိရပါတယ်။ ရုပ်ရှင်ရိုက်ဖို့အတွက် location ရှာနေတာ ဖြစ်ပြီး ပရိသတ်တွေကိုလည်း အကူအညီတောင်းထားပါသေးတယ်။
“ရုပ်ရှင်အတွက် Location ရှာနေတာပါ။ ဒီလို ရှေးခေတ် မြို့လည် နှစ်ထပ်တိုက် (သို့) နှစ်ထပ်သစ်သားအိမ်တန်းတွေ ဘယ်မြို့မှာ ကျန်နိုင်သေးလဲ သိချင်လို့ပါ။ မြင်မိတာ ရှိရင် ပြောပြပေးကြပါခင်ဗျ။ အကူအညီလေးတောင်းတာပါနော်။ အဲလိုနေရာလေးများ ရှိရင် comment မှာ ဓါတ်ပုံလေးပါရိုက်ပြီး ပို့ပေးစေချင်ပါတယ်..ကျေးဇူးပါနော်” ဆိုပြီး ဇွန်လ(၂၄) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
Photo : life
ပရိသတ်တွေကလည်း သူတို့သိတဲ့ နေရာပုံလေးတွေကိုလည်း ပြေတီဦးတင်ထားတဲ့ စာအောက်မှာ မှတ်ချက်ပေးပြီး ပြောပြထားကြပါသေးတယ်။ ပြေတီဦး လိုချင်တဲ့ နှစ်ထပ်သစ်သားအိမ်တန်းလေးတွေဟာဆိုရင် မော်လမြိုင်မြို့မှာ အများဆုံး ရှိတယ်လို့ပရိသတ်တွေ ပြောထားတာတွေ့ရပါတယ်။
ပြေတီဦးဟာ လက်ရှိမှာ မိခင်နဲ့ဖခင်ကို အချိန်ပေးနေပြီး နောက်လုပ်မယ့် အလုပ်တွေအတွက် အစီအစဉ်တွေ ရေးဆွဲလို့နေပါတယ်။
Photo : ပြေတီဦး
ပြေတီဦး (Pyay Ti Oo) ဟာ ၁၉၇၈ခုနှစ် နိုဝင်ဘာ(၃၀)ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သားသမီးသုံးယောက်ထဲမှာ အလတ်တစ်ယောက် ဖြစ်ပါတယ်။ ပြေတီဦးဟာ စက်မှုတက္ကသိုလ်ကျောင်းသားဘဝထဲက သရုပ်ဆောင်ပညာကို ဝါသနာပါခဲ့သူပါ။ ၁၉၉၈ ခုနှစ်လောက်မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) က ပြုလုပ်တဲ့ သရုပ်ဆောင်ရွေးချယ်ပွဲ အစီအစဉ်မှာ ရွေးချယ်ခံခဲ့ရပြီးတဲ့နောက် MRTV က ထုတ်လွှင့်တဲ့ ဇာတ်လမ်းတိုတွေနဲ့ မြန်မာစာမြန်မာစကား အစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့ပါတယ်။
Photo : ပြေတီဦး
အဲဒီနောက် သူ့ကို ၂၀၀၀ ပြည့်နှစ်များ အလယ်လောက်မှ ဗီဒီယိုဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် ပြန်လည် မြင်တွေ့ရကာ ပရိသတ်ရဲ့ နှစ်ခြိုက်လက်ခံမှုကို ရရှိလာခဲ့ပါတယ်။ ပြေတီဦးဟာ ၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။